ဝါရှင်တန်    မတ်    ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အီရန်နှင့် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရန် ကနဦးဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်သတင်းဝက်ဘ် ဆိုက် Axios တွင် ဖော်ပြထားကြောင်းသိရသည်။

မကြာသေးမီရက်ပိုင်းအတွင်း ဝါရှင်တန်နှင့် တီဟီရန်တို့အကြား တိုက်ရိုက်အဆက်အသွယ်မရှိသော်လည်း အီဂျစ်၊ ကာတာနှင့် ဗြိတိန်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ပေါက်လာစေရန် ကြိုးပမ်းလျက်ရှိသည်။

အီရန်နိုင်ငံက စေ့စပ်ညှိနှိုင်းရန်ဆန္ဒရှိကြောင်း အမေရိကန်နှင့် အစ္စရေးတို့အား အီဂျစ်နှင့် ကာတာတို့က အကြောင်းကြားထားသည်။ သို့သော် အီရန်က စစ်လျော်ကြေးရရှိရန်နှင့် အနာဂတ်တွင် ယခုကဲ့သို့ စစ်ပွဲများ ပြန်လည်မဖြစ်ပွားစေရန် အာမခံချက်များအပါအဝင် အခြားသောကိစ္စရပ်များကိုလည်း တောင်းဆိုထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံအား ကတိကဝတ်ခြောက်ခုကို ချမှတ်ထားကြောင်း အမေရိကန်အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီး အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios က သတင်းဖော်ပြသည်။

ပထမကတိကဝတ်သုံးခုမှာ ငါးနှစ်အတွင်း ဒုံးကျည်ဖွံ့ဖြိုးရေးအစီအစဉ်ကို လုပ်ဆောင်ခြင်းမရှိစေရန်၊ ယူရေနီယံလုံးဝကင်းစင်ရေးနှင့် အီရန်အလယ်ပိုင်း နာတန်ဇ်၊ အီစ်ဖာဟန်နှင့် ဖော်ဒိုးမြို့တို့ရှိ နျူကလီးယားစက်ရုံများကို ဖျက်သိမ်းပစ်ရန်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စတုတ္ထမြောက် ကတိကဝတ်တစ်ခုမှာ နျူကလီးယားလက်နက်အစီအစဉ်ကို မြှင့်တင်နိုင်သည့် အာရုံခံကိရိယာများနှင့် ဆက်စပ်စက်ပစ္စည်းများ ဖန်တီးခြင်းနှင့် အသုံးပြုခြင်း ရှိ၊ မရှိ စောင့်ကြည့်လေ့လာရန်အတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကို ကြီးကြပ်စစ်ဆေးခွင့်ပေးရန် ဖြစ်သည်။

ပဉ္စမမြောက်ကတိကဝတ်မှာ ဒုံးကျည်အရေအတွက် ၁၀၀၀ ထက် မကျော်လွန်သည့်  ဒေသတွင်းနိုင်ငံများနှင့် လက်နက်ထိန်းချုပ်ရေးစာချုပ်များ ချုပ်ဆိုရန်ဖြစ်သည်။

ထို့ပြင် ဆဋ္ဌမမြောက် ကတိကဝတ်မှာ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာများ၊ ယီမင်နိုင်ငံရှိ ဟူသီများ၊ ဂါဇာရှိ ဟားမတ်စ်များကို ငွေကြေးထောက်ပံ့မှုမပေးရန် ဖြစ်သည်။

အီရန်ခေါင်းဆောင်များနှင့် မည်သို့ဆက်သွယ်ရမည်ကို အဖြေရှာရန် ကြိုးပမ်းနေကြောင်း သမ္မတ ထရမ့်၏ အကြံပေးများက  ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်