တီဟီရန် ဇူလိုင် ၁၇

 

တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးမှာ လိပ်ခဲတည်းလည်းအခြေအနေ ရောက်ရှိနေသည်ဆိုသော သမ္မတ ဒေါ်နယ်ထရန့်၏ မှတ်ချက်စကားကြောင့် အမေရိကန်နိုင်ငံက"မီးနှင့်ကစားနေသည်" ဟုအီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်ဖ်က သတိပေးလိုက်သည်။

 

အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အီရန်၏နျူကလီးယား အစီအစဉ်ကို ဟန့်တားရန်ရည်ရွယ်ကာ နိုင်ငံတကာ သဘောတူညီချက်တစ်ရပ်မှနုတ်ထွက်ခဲ့ပြီး တီဟီရန်အပေါ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အီရန်က အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကာ အမေရိကန်ကလည်း နောက်ဆုံးမိနစ်ရောက်မှအီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မည့် အစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။ "အမေရိကန်က မီးနှင့်ကစားနေတယ်လို့ ကျွန်တော် ထင်ပါ တယ်"ဟု ဇာရစ်ဖ်က NBC News သို့ ပြောကြားခဲ့သည်။ နျူကလီးယား သဘောတူညီချက်က သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက်ကျော်လွန်၍ နျူကလီးယားသန့်စင်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင်အီရန်က ကြေညာခဲ့သည်။

 

"ကျွန်တော်တို့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ နျူကလီးယားလက်နက် ထုတ်လုပ်ချင်ရင် ထုတ်လုပ်နိုင်စွမ်းရှိတာကြာပါပြီ" ဟု ၎င်းကပြောသည်။ ဇာရစ်ဖ်၏ မှတ်ချက်စကားများမှာ ကုလသမဂ္ဂသို့လာရောက်မည့် ခရီးစဉ်တစ်ခုအတွင်း ၎င်း၏ လှုပ်ရှားမှုများကိုကန့်သတ်မှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံက သတ်မှတ်ခဲ့ချိန်တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံက ဇာရစ်ဖ်အတွက် ဗီဇာထုတ်ပေးခဲ့သော်လည်း မန်ဟတ်တန်မြို့လယ်ရှိ အီရန်နိုင်ငံ၏ ကုလသမဂ္ဂမစ်ရှင်ရုံးမှလွဲ၍ သွားလာခွင့်ပြုမည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်သည် ဇူလိုင် ၁၇ ရက်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

 

အီရန်နိုင်ငံပြင်ပတွင် မည်သည့်ပစ္စည်းမျှမပိုင်ဆိုင်သဖြင့် အရေးယူမှုများက သူ့ကိုထိခိုက်စေမည်မဟုတ်ဟု ဇာရစ်ဖ်က နယူးယောက်တိုင်းမ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ပြောကြားခဲ့သည်။

 

ကိုးကား-အေအက်ဖ်ပီဘာသာပြန်-ကျော်ထိုက်စိုး