၂၉ ဧပြီ

 

ဆူဒန်နိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် ပြေပြစ်ချောမွေ့နေတာကို တွေ့ရမှာမဟုတ်ပါဘူး။ အမေရိကန်ဟာ ဆူဒန်ကို ကမ္ဘာကြီးနဲ့အလှမ်းကွာဝေးနေအောင် ပုံဖော်ခဲ့ပါတယ်။ ဆူဒန်နိုင်ငံဟာ အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံအဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။ နောက်ပြီးတော့ ဆူဒန်နိုင်ငံအနောက်ပိ်ုင်း ဒါဖာမြို့ဒေသမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပိတ်ဆို့မှုပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

 

နှုတ်ဆိတ်နေ

 

အခုလက်ရှိ အခြေအနေမှာတော့ ဆူဒန်နိုင်ငံကို ကာလရှည်ကြာအုပ်စိုးခဲ့တဲ့ သမ္မတ အိုမာအယ် ဘတ်ရှီရာ တစ်ယောက် ရာထူးကနေ ဖြုတ်ချခံထားရပါတယ်။ လပေါင်းများစွာကြာအောင် လမ်းပေါ်မှာဆန္ဒပြမှုတွေပေါ်ပေါက်ပြီးတဲ့နောက်မှာတော့ ဆူဒန်ဗိုလ်ချုပ်ကြီးတွေဟာ သမ္မတ အိုမာ ကိုဖြုတ်ချခဲ့ကြပါတယ်။ ဆူဒန်နိုင်ငံမှာ ဒီလိုကိစ္စတွေပေါ်ပေါက်ခဲ့ပေမယ့် အမေရိကန်ကတော့ ထူးဆန်းစွာပဲနှုတ်ဆိတ်နေခဲ့ပါတယ်။ အင်အားကြီးတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကတော့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာအကူအညီတွေနဲ့ ဆူဒန်ဗိုလ်ချုပ်ကြီးတွေ နောက်ကရပ်တည်ခဲ့ပါတယ်။ ဆူဒန်ဗိုလ်ချုပ်ကြီး တွေဟာ ဆန္ဒပြသူတွေတောင်းဆိုနေကြတဲ့ အရပ်သားအုပ်ချုပ်ရေးကိုကူးပြောင်းဖို့ တောင်းဆိုမှုကို လျစ်လျူရှု နေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဆန္ဒပြပြည်သူများ တောင်းဆိုထားတဲ့အတိုင်း လိုက်လျောမှုတစ်ခုလည်း လုပ်ခဲ့ပါတယ်။ အဲဒါကတော့ အရပ်ဘက်နဲ့ စစ်ဘက်ပူးတွဲကောင်စီကို စစ်ဘက်ကောင်စီနေရာမှာ အစားထိုးသွားမယ်ဆိုတဲ့ သတင်းပါပဲ။

 

ပထဝီနိုင်ငံရေးအပြောင်းအလဲ

 

အမေရိကန်အာဏာပိုင်တွေဘက်ကတော့ ကမ်းလှမ်းမှု အနည်းငယ်သာရှိပြီး ဆူဒန် ဒီမိုကရက်တစ်နိုင်ငံအတွက် ထောက်ပံ့ပေးမှုကတော့ အေးစက်နေပါတယ်။ အမေရိကန် သမ္မတ ထရမ့်ဟာ နိုင်ငံခြားရေးဌာနအတွက် အရာရှိတွေ ခန့်အပ်ဖို့ ပျက်ကွက်နေသလို နိုင်ငံရပ်ခြားကိစ္စတွေမှာ အမေရိကန်ရဲ့ ပါဝင်စွက်ဖက်မှုတွေကိုလည်း မလိုလားတဲ့ အရိပ်အယောင်တွေပြသနေပါတယ်။ အရင်တုန်းကပုံစံမျိုးနဲ့သာဆိုရင် အမေရိကန်ဟာ သမ္မတ အိုမာ ဖြုတ်ချခံရပြီးတာနဲ့ အဆင့်မြင့်အရာရှိကြီးတွေကို အစည်းအဝေးခေါ်ပြီး ဆူဒန် နိုင်ငံရဲ့ ဒီမိုကရေစီလမ်းပြ မြေပုံကိုရေးဆွဲမှာ သေချာပါတယ်လို့ အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘု့ရှ် လက်ထက်က ဆူဒန် နိ်ုင်ငံဆိုင်ရာ အမေရိကန် သံတမန်အဖြစ် အလုပ်လုပ်ခဲ့ဖူးသူ ပေတွန်နော့ဖ် ကပြောပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေမှာတော့ အမေရိကန်ရဲ့တုံ့ပြန်မှုဟာ ဥရောပသမဂ္ဂနဲ့ အာဖရိကသမဂ္ဂတို့ရဲ့နောက်မှာ ကျန်ရစ် ခဲ့ပါတယ်။ ဒါဟာစစ်အေးကာလ နောက်ပိုင်း အာဖရိကဦးချို ဒေသမှာ ပထဝီနိုင်ငံရေးအရ အပြောင်းအလဲဖြစ်လာတာ ကိုအထင်အရှား တွေ့ရမှာပါလို့ ၄င်းက ဆက်ပြောပါတယ်။

 

ငွေကြေးအကူအညီပေးမယ်

 

အခုဆိုရင် ဆူဒန်မှာ လက်ဦးမှုရယူသွားတာကတော့ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတို့ပါပဲ။ ဒီနှစ်နိုင်ငံဟာ လွန်ခဲ့တဲ့သီတင်းပတ်ကပဲ ဆူဒန်နိုင်ငံအတွက် အကူအညီဆိုပြီး အမေရိကန်ဒေါ်လာ သုံးဘီလီယံအကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီအကူအညီထဲမှာ ငွေသားချည်း ဒေါ်လာ သန်းငါးရာ၊ အစားအစာ၊ လောင်စာနဲ့ ဆေးဝါးတွေပါလွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။

 

လက်နက်ကိုင် အုပ်စုတွေပါဝင်တဲ့ ဆူဒန်အတိုက်အခံအဖွဲ့ ငါးဖွဲ့ဟာလည်း ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကို သွားရောက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဆူဒန်တပ်ဖွဲ့ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆွေးနွေးချင်လို့ပါ။ ဆူဒန်ဗိုလ်ချုပ်ကြီးတွေ ၁၅ ရက်အတွင်း အာဏာလွှဲပြောင်းရမယ်လို့ သတ်မှတ်ခဲ့ပေမယ့် သုံးလအထိ အချိန်တိုးချဲ့ ခွင့်ရအောင် ပြီးခဲ့တဲ့အင်္ဂါ နေ့မှာတော့ ဆော်ဒီနဲ့ ယူအေအီးတို့ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ အီဂျစ်ဟာ အာဖရိကသမဂ္ဂမှာ သံတမန်ရေးရာအရ ထောက်ပံ့မှု တွေပေးခဲ့ပါတယ်။

 

ကြောက်ရွံ့ကြ

 

ဆော်ဒီဦးဆောင်တဲ့ မူဝါဒတစ်ခုကတော့ တပ်ဘက်က ကျောထောက်နောက်ခံရှိတဲ့ နိုင်ငံရေးသမားတွေကို မျက်နှာသာပေးတာပါပဲ။ ဒါကြောင့်လည်း ဆူဒန်နိုင်ငံမှာ ဆော်ဒီဘက်ကပေးတဲ့အကူအညီတွေကို သံသယဝင်ကြပြီး သူတို့ရဲ့ တော်လှန်မှုဟာ အချည်းအနှီးဖြစ်သွားမှာကိုလည်း ဆန္ဒပြသူတွေက ကြောက်ရွံ့ ကြပါတယ်။ ဆော်ဒီနဲ့ယူအေအီးတို့ကနေ အကူအညီ အမေရိကန်ဒေါ်လာ ၃ ဘီလီယံရရှိမယ်လို့ ကြေညာ ပြီးချိန်ကစလို့ ဆန္ဒပြသူတွေဟာ ဆူဒန်တပ်ဖွဲ့ ရုံးစိုက်ရာနေရာမှာစုဝေးပြီး ဆော်ဒီရဲ့အကူအညီတွေ မလိုဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။ ဆော်ဒီဦးဆောင်တဲ့အဖွဲ့ရဲ့ ကြားဝင်မှုတွေကြောင့် အပျက်အစီးအဆုံးအရှုံးတွေပိုပြီး ဖြစ်လာမှာကိုလည်း ကျွမ်းကျင်သူတွေက ကြောက်ရွံ့ကြပါတယ်။ ဒေသတွင်း အားပြိုင်မှုတွေကြား ဆူဒန်ကြားညပ်သွားမှာကိုလည်း စိုးရိမ်ကြပါတယ်။ ဆော်ဒီဘက်က ဆူဒန်နိုင်ငံရဲ့ ဗိုလ်ချုပ်ကြီးတွေ ဘက်ကနေ ထောက်ခံပေးနေချိန်မှာ ကာတာနဲ့တူရကီတို့ကတော့ တခြားဘက်ကနေ ရပ်တည်ခဲ့ပါတယ်။

 

မတည်မငြိမ်ဖြစ်လာမှာစိုးရိမ်ရ

 

ဆူဒန်ပြည်သူတွေရဲ့ တော်လှန်မှုမှာ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုတွေရှိနေတာဟာ စိတ်ပျက်စရာကောင်း သလို နိုင်ငံမှာပိုပြီး မတည်မငြိမ်ဖြစ်လာမှာကိုလည်း စိုးရိမ်ရတယ်လို့ အမေရိကန်သမ္မတဟောင်း အိုဘားမားလက်ထက်က ဆူဒန်နိုင်ငံအတွက် အလုပ်လုပ်ကိုင်ဖူးသူ မစ္စတာ ဇက်ဗာတင်းက ပြောပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေကြား ပြိုင်ဆိုင်မှုတွေကြောင့် ဆူဒန်နိုင်ငံဟာ နောက်ထပ်စစ်မြေပြင် တစ်ခု ဖြစ်မလာနိုင်ဘူးဆိုတာ မပြောနိုင်ဘူးလို့ ၄င်းက ပြောပါတယ်။ ဆူဒန်တပ်ဖွဲ့ကို တိုက်ခိုက်နေတဲ့သူပုန်အဖွဲ့က ဒုတိယခေါင်းဆောင်ဖြစ်သူ ယာဆာအာမန်ကတော့ ယူအေအီး အာဏာပိုင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ရာ မကြာသေးခင်ကပဲ အဘူဒါဘီမြို့ကို ခရီးထွက်သွားခဲ့ပါတယ်။ ဆူဒန်နိုင်ငံအရေး ကိစ္စမှာအမေရိကန်ရဲ့ အခန်းကဏ္ဍကို မကျေနပ်ဘူး။

 

တကယ်ဆိုရင် အမေရိကန်ဟာ တော်လှန်ရေးလုပ်ခဲ့တဲ့ ဆူဒန်ပြည်သူ တွေအတွက် ဒီထက်ပိုပြီး ရပ်တည်ပေးမှုတွေလုပ်သင့်တယ်ဆိုပြီး သူကပြောပါတယ်။

 

အမေရိကန်၏အရေးပါပုံ

 

အမေရိကန်ဟာ ဆူဒန်နဲ့ပတ်သက်လာရင် အင်အားကြီးတဲ့ အရာတစ်ခုကို ဆုပ်ကိုင်ထားတုန်းပါပဲ။ ၂၀၁၇ ခုနှစ်မှာ ဆူဒန်အပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန်က ဖယ်ရှားပေးခဲ့ပေမယ့် အနောက်အုပ်စုက လာရောက်ရင်းနှီးမြှုပ်နှံမယ့် အခွင့်အရေးတွေကို ကန့်သတ်ထားတုန်းပါပဲ။ ဒါကြောင့် ဆူဒန် နိုင်ငံဟာ အရေးပေါ်သက်သာချောင်ချိရေးအတွက် အကူအညီတွေ၊ အကြွေးတွေလျှော်ပစ်တာတွေ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အကူအညီတွေရဖို့ အတားအဆီးတွေ ရှိနေတုန်းပါပဲ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန် မိုက်ကယ် လာဂျိမ်းကတော့ အခုသီတင်းပတ်အတွင်းမှာ ခါတွန်မြို့ကို သွားရောက်ခဲ့ပြီးတော့ သူ့ရဲ့ခရီးစဉ်အတွင်း လုပ်ဆောင်ခဲ့တာကို အလေးပေးဖော်ပြတာမျိုးမရှိခဲ့ပါဘူး။ သူဟာ ဆူဒန်နိုင်ငံရဲ့ ကြားဖြတ်အစိုးရခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတက် အယ်ဘာဟန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရကို အမြန်ဆုံးမြင်ချင်တယ်လို့ သူ့ရဲ့ခရီးစဉ် အတွင်းမှာ ပြောကြားခဲ့ပါတယ်။

 

ထောက်ခံမှုရရှိဖို့မျှော်လင့်ဆဲ

 

ဒါပေမယ့်လည်း ဆူဒန်အများစုကတော့ အမေရိကန်ဟာ လစ်ဗျားမှာတုန်းကလို အခြေအနေမျိုးဖန်တီးလိုက်မှာကို ကြောက်ရွံ့ ကြပါတယ်။ လစ်ဗျားမှာဆိုရင် အစောပိုင်းကာလ တုန်းက အမေရိကန်ဟာ ကုလသမဂ္ဂက ကျောထောက် နောက်ခံပြုထားတဲ့အစိုးရကို ထောက်ခံခဲ့ပေမယ့် အခုအခါမှာ တော့ အမေရိကန်ရဲ့မဟာမိတ်တွေဖြစ်ကြတဲ့ ယူအေအီး၊ဆော်ဒီ၊ အီဂျစ်တို့ထောက်ခံကြတဲ့ ခါလီဖာ ဟစ်ဖတာကို ပြောင်းလဲ ထောက်ခံပေးခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဖြစ်မှာကို ဆူဒန်အများစုက ကြောက်ရွံ့ ကြပါတယ်။ အခုအချိန်မှာတော့ အဓိကမေးခွန်းက အရပ်သားခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်ကြီးပဲဖြစ်ဖြစ် ဘယ်သူက တိုင်းပြည်ကိုဦးဆောင်မှာလဲဆိုတာပါပဲ။ အရပ်သားတွေဘက်က ဆန္ဒပြခေါင်းဆောင် ကတော့ ဆော်ဒီနဲ့ယူအေအီးရဲ့ ထောက်ခံမှုကိုရရှိဖို့ အခုထက်ထိ မျှော်လင့်နေတုန်းပါပဲ။

 

ကိုးကား-နယူးယောက်တိုင်းမ်

ခြူးစန္ဒီနွေး