အမေရိကန်ကျူးကျော်ပြီး ဆယ်စုနှစ်နှစ်စုနီးပါးကြာပြီးနောက် ဖြစ်ပေါ်နေတဲ့အာဖဂန်အခြေအနေ

ထွန်းသစ်စ

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီး အမေရိကန်ပြည်ထောင်စုဟာ အယ်လ်ခိုင်ဒါကိုရှင်းထုတ်ဖို့ အာဖဂန်နစ္စတန်ထဲကို ၂၀ဝ၁ ခုနှစ်ကတည်းက ကျူးကျော်ဝင်ရောက်ခဲ့တာ အခုဆိုရင် ဆယ်စုနှစ် နှစ်စုနီးပါး တောင်ရောက်လာပြီ ဖြစ်ပါတယ်။ အကယ်၍ တာလီဘန်တွေနဲ့ သဘောတူညီမှု တစ်ခုရရှိခဲ့ပါက အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ ဝင်အင်အားကို ၁၃၀ဝ၀ ကနေ ၈၆၀ဝ အထိ လျှော့ချဖို့လည်း အမေရိကန်က ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ပွဲဆင်နွှဲ

အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်တွေဖြစ်တဲ့ နယူးယောက်နဲ့ ဝါရှင်တန်မှာ လူပေါင်း ၃၀ဝ၀ နီးပါးသေဆုံးခဲ့တဲ့ ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုမတိုင်ခင် အောက်တိုဘာ ၇ ရက်က အမေရိကန်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ဟာ အာဖဂန်နစ္စတန်မှာ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့ပါတယ်။

အာဖဂန်နစ္စတန်ဟာ အခြေခံအားဖြင့် တာလီဘန် အစိုးရအုပ်ချုပ်ပြီး အိုစမာဘင်လာဒင်နဲ့ သူ့ရဲ့ အယ်လ်ခိုင်ဒါ လှုပ်ရှားမှုတွေကြီးစိုးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ၉/၁၁ တိုက်ခိုက်မှုကိုတော့ သူတို့ရဲ့လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။ သူတို့ဟာ အမေရိကန်ကို အကြမ်းဖက်စစ်ပွဲအသွင် စစ်ဆင်ရေးဆင်နွှဲခဲ့တာဖြစ်ပါတယ်။

တာလီဘန်တွေကိုတိုက်ခိုက်

အဲဒီကိစ္စဖြစ်ပြီးများမကြာမီ ရက်သတ္တပတ်တွေအတွင်းမှာ အမေရိကန်ဦးဆောင်တဲ့တပ်ဖွဲ့တွေဟာ တာဘီဘန်ကို ချေမှုန်းဖို့ စစ်ပွဲတွေဆင်နွှဲခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေတင်မကဘဲ အမေရိကန်ဟာ အာဖဂန်မြောက်ပိုင်း မဟာမိတ်တွေရဲ့ အကူအညီကိုပါယူပြီး တာလီဘန်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်တဲ့အခါမှာ အထူးတပ်ဖွဲ့တွေနဲ့ စီအိုင်အေတပ်ဖွဲ့ဝင် တွေကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေထပ်မံတိုးမြှင့်

၂၀ဝ၁ ခုနှစ် နိုဝင်ဘာလမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ၀ ခန့်ဟာ အာဖဂန်မြေပေါ်ရောက်ရှိလာပြီး နောက်တစ်နှစ်မှာတော့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားဟာ ၁၀ဝ၀ဝ အထိ တိုးမြှင့်ရောက်ရှိလာပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ဆက်ဒမ်ဟူစိန်အာဏာရှင် အစိုးရကိုဖြုတ်ချဖို့ ၂၀ဝ၃ ခုနှစ်မှာ အီရတ်ကို ကျူးကျော် ဝင်ရောက်လာတဲ့အခါ သူတို့ရဲ့ ကျူးကျော်မှုတွေကို အာဖဂန်နစ္စတန်တွေ သတိမထားမိအောင် အာရုံပြောင်းထားချင်တဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။

တာလီဘန်နဲ့ တခြားအစ္စလာမ္မစ်အဖွဲ့တွေဟာ အာဖဂန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အုပ်စုတွေ ဖွဲ့စည်းထားကြပါတယ်။ အဲဒီဒေသတွေဟာ သူတို့အတွက် သွားလာရလွယ်ကူပြီး အကြမ်းဖက်သောင်းကျန်မှုတွေကို အလွယ်တကူလည်း ပြုလုပ်နိုင်ပါတယ်။

၂၀ဝ၈ ခုနှစ်မှာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်စစ်ဌာနက နောက်ထပ်လူအင်အားတွေ ထပ်တောင်းလိုက်တဲ့အခါမှာ အမေရိကန်သမ္မတ ဘုရှ်က နောက်ထပ်တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်လိုက်ပါတယ်။ စုစုပေါင်းအမေရိကန် တပ်ဖွဲ့ဝင်အင်အား ၄၈၅၀ဝ ဟာ အဲဒီမှာ ဖြန့်ကြက်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။

တိုးမြှင့်ပြီး ဖြန့်ကြက်မှုတွေလုပ်ဆောင်ခဲ့

၂၀ဝ၉ ခုနှစ် အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်မှာတော့ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၆၈၀ဝ၀ အထိ တိုးမြှင့်ပြီး ဖြန့်ကြက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ဘားရက်အိုဘားမားဟာ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေကို အဆုံးသတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲ ကတိတွေနဲ့အတူ အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက် ဖြစ်လာခဲ့တဲ့သူပါ။ ဒီဇင်ဘာမှာ အမေရိကန် သမ္မတဟာ အာဖဂန်နိုင်ငံမှာ နောက်ထပ်အမေရိကန်တပ်ဖွဲ့ဝင် ၃၀ဝ၀ဝ ထပ်မံစေလွှတ် ဖြန့်ကြက်စေလိုက်ပါတယ်။

ရည်ရွယ်ချက်ကတော့ ကြီးထွားလာတဲ့ တာလီဘန်သောင်း ကျန်းသူတွေကို နှိမ်နင်းဖြိုခွဲဖို့နဲ့ အာဖဂန် တိုင်းပြုပြည်ပြုအဖွဲ့အစည်းတွေ အင်အားကောင်းလာအောင် လုပ်ဆောင်ဖို့ပဲဖြစ် ပါတယ်။ ၂၀၁၂ ခုနှစ်အရောက်မှာတော့ အာဖဂန်နစ္စတန်မှာ နိုင်ငံခြားသားတပ်ဖွဲ့ဝင်အင်အား ၁၅၀ဝ၀ဝ ကျော်ကို တပ်ဖြန့်လိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၁၀ဝ၀ဝ၀ အထိ ပါဝင်လာပါတယ်။

ဘင်လာဒင်ကိုသုတ်သင်

၂၀၁၁ ခုနှစ် မေ ၂ ရက်မှာ ပါကစ္စတန်မှာပြုလုပ်တဲ့ အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးမှာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ နေတိုးမဟာမိတ်တွေဟာ အာဖဂန်နစ္စတန်မှာ စစ်ဆင်ရေးဆင်နွှဲမှုကို အဆုံးသတ်ခဲ့ပါတယ်။ သို့သော်လည်း အစောပိုင်းလ အနည်းငယ်လောက်က ထားရှိခဲ့တဲ့ သဘောတူညီချက်အရ နိုင်ငံခြားသားတပ်ဖွဲ့ဝင် ၁၂၅၀ဝ ကို အာဖဂန်တပ်ဖွဲ့ဝင်တွေ လေ့ကျင့်ပေးဖို့နဲ့ အကြမ်းဖက်တန်ပြန်စစ်ဆင်ရေးတွေ ဘယ်လိုဆင်နွှဲရမလဲဆိုတာကို လေ့ကျင့်ပေးဖို့ အာဖဂန်မှာ ဆက်လက်ထားရှိပါတယ်။ အဲဒီထဲမှာ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ၉၈၀ဝ ရှိပါတယ်။

အိုင်အက်စ်တွေ တစ်စခန်းထလာ

တာလီဘန်သောင်းကျန်းသူတွေ ကြီးစိုးခဲ့ချိန်က အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေးဟာ ယိမ်းယိုင်ခဲ့ပါတယ်။ ထို့အတူပဲ ၂၀၁၅ ခုနှစ် အစောပိုင်းမှာ အိုင်အက်စ်စစ်သွေကြွတွေဟာလည်း ထကြွသောင်းကျန်းလို့ လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အမေရိကန်သမ္မတ အိုဘားမားဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာတာကို ဖြည်းဖြည်းသာ ဆုတ်ခွာဖို့ စီစဉ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၈၄၀ဝ အထိ ဆက်လက်ကျန်ရှိနေပါသေးတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ အရှေ့မြောက်ပိုင်းပြည်နယ် ကွန်ဒူးဇ်အတွက် အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေချိန် အမေရိကန်က နယ်စည်းမခြား ဆရာဝန်ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ လူပေါင်း ၄၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှ ၂၄ ဦးဟာ လူနာတွေဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလမှာ အမေရိကန်စစ်ဘက်က နျူကလီးယားဗုံးမဟုတ်တဲ့ ဗုံးအကြီးကြီးတွ ေကြဲချပါတယ်။ အဲဒီလိုဗုံးမျိုးတွေကို အိုင်အက်စ်ချိတ်ဆက်မှုတွေလုပ်နိုင်တဲ့ အာဖဂန် အရှေ့ပိုင်းမှာရှိတဲ့ တူးမြောင်းတွေနဲ့ ဂူတွေကိုတိုက်ခိုက်တဲ့အခါမှာပဲ အသုံးပြုတာဖြစ်ပါတယ်။ အဲဒီလို ဗုံးကြီးတွေ ကြဲချတဲ့အတွက် ဂျီဟတ် ၉၆ ဦး သေဆုံးခဲ့ပါတယ်။

အာဖဂန်တိုက်ခိုက်မှုတွေ မြင့်နေဆဲ

၂၀၁၇ ခုနှစ် သြဂုတ်လမှာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်တွေ ပြန်ဆုတ်မယ့်အစီအစဉ်တွေနဲ့ပတ်သက်ပြီး အနည်းငယ် ဘဝင်မကျဖြစ်ကာ နောက်ထပ် တပ်ဖွဲ့ဝင်တွေကို ထပ်မံစေလွှတ်လိုက်ပါတယ်။ နိုဝင်ဘာလလယ်လောက်မှာတော့ အာဖဂန်မှာရှိပြီးသား တပ်ဖွဲ့ဝင်အရေအတွက် ၁၁၀ဝ၀ ကို ထပ်မံအားဖြည့်ဖို့ တပ်ဖွဲ့ဝင်အရေအတွက် ၃၀ဝ၀ ထပ်မံစေလွှတ်လိုက်ပါတယ်။

မည်သို့ပင်ဆိုစေ အာဖဂန်တပ်ဖွဲ့ဝင်တွေကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုဟာ လေကြောင်း တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

ဆွေးနွေးမှုလုပ်ဆောင်

၂၀၁၈ခုနှစ် နှစ်လယ်မှာ အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်များဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေတည်ရှိမှုကို လျှော့ချမှုနဲ့ပတ်သက်ပြီး ဒိုဟာမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် တာလီဘန်တွေဟာ တိုင်းပြည်ကို ဂျီဟတ်အဖွဲ့တွေနဲ့ အယ်လ်ခိုင်ဒါအဖွဲ့တွေအတွက် နိဗ္ဗာန်ဘုံအဖြစ် အသုံးမပြုနိုင်ရေး ကာကွယ်မှုတွေပြုလုပ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ ထို့အပြင် အပစ်ရပ်စဲရေးအတွက်လည်း ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ကဘူးလ် အစိုးရနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ပေးထားပါတယ်။

ဒီအခြေအနေတွေဟာ အမေရိကန်က အာဖဂန်ကို ကျူးကျော်ပြီး ဆယ်စုနှစ် နှစ်စုနီးပါးအကြာမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ။

ကိုးကား အေအက်ဖ်ပီ