ဝါရှင်တန် အောက်တိုဘာ ၂၄

 

သမ္မတဟောင်းထရမ့်၏ ထောက်ခံအားပေးသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို ယမန်နှစ်က ဝင်ရောက်စီးနင်းခဲ့မှုနှင့်စပ်လျဉ်း၍ အမေရိကန်လွှတ်တော် ကော်မတီက သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား စစ်ဆေးမှုခံယူရန် ဆင့်ခေါ်စာတစ်ရပ် ထုတ်ပြန်ထားကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၆ ရက်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည့်  အောက်လွှတ်တော် ကိုယ်စားလှယ်အမတ်များက ထရမ့်အားတရားရုံးတွင် လာရောက်ထွက်ဆိုရန် ဆင့်ခေါ်စာ တင်သွင်းထားကြောင်း အောက်တို ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

 

သမ္မတဟောင်းသည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲကို လက်ခံခြင်းမပြုရန်နှင့် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးကို တားဆီးရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်မှုအား သမ္မတဟောင်းကိုယ်တိုင်ကိုယ်ကျ ကြိုးကိုင်ကာ   စီစဉ်ကြီးကြပ်ခဲ့ကြောင်း အထောက်အထားများစွာ  စုစည်းထားကြောင်း အမေရိကန်လွှတ်တော် ကော်မတီက  ပြောကြားခဲ့သည်။

 

သက်ဆိုင်ရာ မှတ်တမ်းပစ္စည်းများကို နိုဝင်ဘာ ၄ ရက် နောက်ဆုံးထားပြီး ခုံရုံးသို့ တင်သွင်းရန်နှင့် ထရမ့်သည် နိုဝင်ဘာ ၁၄ ရက် သို့မဟုတ် နိုဝင်ဘာ ၁၄ ရက်ဝန်းကျင်တွင်  တရားရုံးသို့ လာရောက် အစစ်ဆေးခံရန် ဆင့်ခေါ်စာတွင် ပါရှိသည်။

 

ထရမ့်အနေဖြင့် လာရောက်အစစ်ဆေးခံရန် ပျက်ကွက်ပါက ကွန်ဂရက်လွှတ်တော်ကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်ဟု ယူဆမည်ဖြစ်ကြောင်းလည်း အဆိုပါဆင့်ခေါ်စာတွင် ဖော်ပြထားသည်။ ကွန်ဂရက်လွှတ်တော်က ထရမ့်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်နိုင်ရေးအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် တရားရေးဌာနသို့ လွှဲပြောင်းပေးရန် မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

 

ထရမ့်၏ ဗျူဟာမှူးဟောင်း စတီဗင်ဘန်နွန်သည် ဇန်နဝါရီ ၆ ရက်တွင် ကော်မတီထံမှ ဆင့်ခေါ်စာကို ရရှိခဲ့သော်လည်း တရားရုံးသို့ လာရောက်အစစ်ဆေးခံရန် ပျက်ကွက်ခဲ့သည်။ ကွန်ဂရက်လွှတ်တော်ကို မထီမဲ့မြင်ပြုသည့်အတွက်   အောက်တိုဘာ ၂၁ ရက်တွင် ထောင်ဒဏ်လေးလနှင့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၅၀၀ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်