ဝါရှင်တန် ၇ ဩဂုတ် 

အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်နေချိန် အမေရိကန်ကုမ္ပဏီများမှ လယ်ယာထွက်ကုန်ပစ္စည်း များဝယ်ယူခြင်းကို တရုတ်ကုမ္ပဏီများဘက်မှ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများက ပြောသည်။ အမေရိကန် ဒေါ်လာ ၃၀ဝ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို ၁၀ ရာခိုင်နှုန်းအခွန်စည်းကြပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွန်ခဲ့သည့်သီတင်းပတ်က ကြေညာခဲ့ပြီးသည့်နောက်ပိုင်းတွင် ယခုလို တရုတ်ကုမ္ပဏီများဘက်မှ အမေရိကန် လယ်ယာထွက် ကုန်ပစ္စည်းအဝယ်ရပ်တန့်လိုက်ခြင်း ဖြစ်သည်။

ဇွန်လအတွင်းက တရုတ်နှင့်အမေရိကန်တို့အကြား ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင် ရရှိခဲ့သည့်သဘောတူညီမှုများအရ အမေရိကန်ဘက်မှ လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံဘက်မှ ဝယ်ယူရမည်ဟုသဘောတူခဲ့သော်လည် ယင်းအချက်ကို တရုတ်နိ်ုင်ငံဘက်မှ လေးစားရန်ပျက်ကွက်ခဲ့သည်ဟု ထရမ့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်မှ ပဲပုပ်တန် ၁၄ သန်း ဝယ်ယူမည်ဟု လက်မှတ်ထိုးထားခဲ့ကြောင်း ဩဂုတ် ၅ ရက်တွင် တရုတ်အစိုးရအရာရှိကြီးများက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

ထို့ပြင်အခြားသော အမေရိကန်လယ်ယာထွက်ကုန်များဖြစ်သည့် ဂျုံနှင့် ဝက်သားတို့ကို ဝယ်ယူရန်လည်း သဘောတူခဲ့သည်။ သို့သော်နာရီပိုင်းအတွင်းမှာပင် အပြောင်းအလဲဖြစ်သွားပြီး ဆင်ဟွာသတင်းအေဂျင်စီနှင့် တခြားသောတရုတ်မီဒီယာများတွင် ဩဂုတ် ၆ ရက်က တရုတ်ကုမ္ပဏီကြီးများသည် အမေရိကန်လယ်ယာထွက်ကုန်များကို ဝယ်ယူခြင်းဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်ဘက်မှ ထပ်မံလုပ်ဆောင်လာသည့် အခွန်စည်းကြပ်မှုများကို ရှုတ်ချကြောင်းလည်း တရုတ်မီဒီယာများတွင် ဖော်ပြကြသည်။

အင်န်အိတ်ချ်ကေ