ဖေဖော်ဝါရီ ၁၉
အမေရိကန်နိုင်ငံမြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် နီဗားဒါးကောင်တီတွင် ဖေဖော်ဝါရီ ၁၇ ရက်က နှင်းထုပြိုကျမှုဖြစ်ပွားပြီးနောက် နှင်းလျှောစီးသူရှစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
နီဗားဒါးကောင်တီရဲမှူးရှန်နန်မွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Sierra Nevada တောင်တန်းများရှိ နှင်းလျှောစီးသူများသေဆုံးမှုဖြစ်ပွားခဲ့ရာ ဆယ်စုနှစ်လေးခုကျော်အတွင်း နိုင်ငံတွင် အသေအပျောက်အများဆုံး နှင်းလျှောစီးမှုဖြစ်ကြောင်း ပြောကြားသည်။
နှင်းထုပြိုကျမှုသည် Lake Tahoe ၏ အနောက်မြောက်ဘက် မီတာ ၂၅၀၀ အကွာတွင် တည်ရှိသော Castle Peak အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
backcountry ခရီးသွားကုမ္ပဏီတစ်ခုဖြစ်သော Blackbird Mountain Guides မှ နှင်းလျှောစီးသမား ၁၁ ဦးနှင့် လမ်းပြလေးဦး အပါအဝင် လူ ၁၅ ဦးပါ အဖွဲ့တစ်ဖွဲ့သည် သုံးရက်ကြာလမ်းညွှန်နှင်းလျှောစီးခရီးစဉ်အပြီး ပြန်လာနေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ယင်းကုမ္ပဏီက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ရာသီဥတုအခြေအနေပေါ်မူတည်၍ ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေမှု ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မွန်းက ပြောကြားခဲ့သည်။
ရုပ်အလောင်းရှစ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးမှုဖြစ်ပွားသည့်အကြောင်းရင်းကိုဆုံးဖြတ်ရန် ရုပ်ကြွင်းများကို ရင်ခွဲစစ်ဆေးရန်လုပ်ဆောင်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတွင် အသက်ရှင်ကျန်ရစ်သူ ခြောက်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ရဲမှူးရုံးက ပြောကြားပြီး ခြောက်ဦးအနက် နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


