အမေရိကန်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၌ အထင်ကရဖြစ်သူ အိုင်ယာကော့ကာ ကွယ်လွန်

လော့စ်အိန်ဂျလိစ် ၄ ဇူလိုင် 

 

အမေရိကန်ပြည်ထောင်စု၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၌ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အိုင်ယာကော့ကာ (၉၄)နှစ်သည် ဇူလိုင် ၂ ရက်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ ၎င်းသည် ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်းက ခရိုင်စလာ မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီကို ပြန်လည် တည်ဆောက်ခဲ့သူလည်း ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုရှိ ကြီးမားသော မော်တော်ယာဉ်ထုတ်လုပ် ရေးကုမ္ပဏီကြီးသုံးခုတွင် တစ်ခုဖြစ်သည့် ဖို့ဒ်မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီသို့ ဒုတိယကမ္ဘာစစ်အပြီးတွင် အိုင်ယာကော့ကာ ဝင်ရောက်လုပ်ကိုင် ခဲ့ပြီး တံခါးနှစ်ပေါက်ပါ မတ်စတန်း အမျိုးအစား အပျော်စီးကားငယ် တီထွင် ထုတ်လုပ်ရေးတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၎င်းသည် ၁၉၇၀ ပြည့်နှစ်တွင် ဖို့ဒ်မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ၏ အကြီးအကဲဖြစ်လာခဲ့သည်။ သို့သော် ဖို့ဒ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအား စတင်တည်ထောင်သူ မိသားစုနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ပြီး အဆိုပါကုမ္ပဏီမှ နုတ်ထွက်ခဲ့သည်။

 

အိုင်ယာကော့ကာသည် ခရိုင်စလာမော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ယင်းကုမ္ပဏီမှာ ၁၉၈၀ ပြည့်လွန်နှစ် များအတွင်း ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ယှဉ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။ အိုင်ယာကော့ကာက ခရိုင်စလာကုမ္ပဏီအား ကိုယ်ထည် အရွယ်အစား အလတ်စားနှင့် အသေးစားကားများ တီထွင်ထုတ်လုပ်စေကာ ခရိုင်စလာကုမ္ပဏီကို ပြန်လည်တည် ဆောက်ခဲ့သည်။

 

လီအိုင်ယာကော့ကာအား အမေရိကန်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း၏ စံပြပုဂ္ဂိုလ်အဖြစ် မကြာခဏ ရည်ညွှန်းလျက်ရှိသည်။ 

 

လီအိုင်ယာကော့ကာသည် လော့စ်အိန်ဂျလိစ်မြို့ရှိ ၎င်း၏နေအိမ်၌ ဇူလိုင် ၂ ရက်တွင် ကွယ်လွန်သွားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြသည်။

 

အင်န်အိတ်ချ်ကေ