ဝါရှင်တန်၊ ဧပြီ ၁၈

အမေ ရိကန်နိုင်ငံ အလာဘားမားပြည်နယ် မြို့ငယ်လေးတစ်မြို့ဖြစ်သည့် ဒါဗီးလ်မြို့ရှိ မွေးနေ့ပွဲပါတီ တစ်ခု၌ ဧပြီ ၁၅ ရက်ညပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လေးဦး သေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒါဗီးလ်ရဲချုပ်၏ တောင်းဆိုချက်အရ ၎င်းတို့၏ အထူးအေးဂျင့်များသည် သေဆုံးမှုကို စုံစမ်း စစ်ဆေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အလာဘားမားဥပဒေစိုးမိုးရေးအေဂျင်စီ (အေအယ် အီးအေ) က ဧပြီ ၁၇ ရက်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

သေဆုံးသူများအနက် တစ်ဦးမှာ ဖီးလ်စတာဗီးယပ်စ် ဒေါ်ဒဲလ်ဆိုသူ ပါဝင်ပြီး ၎င်းမှာမွေးနေ့ရှင် မိန်းကလေး၏ အစ်ကိုတော်စပ်သူဖြစ်ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ဦးအနက် အချို့မှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း အေအယ်အီးအေ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး အာဏာပိုင်များက သံသယရှိသူအား ဖမ်းဆီးရမိခြင်း ရှိ မရှိကိုမူ ဧပြီ ၁၆ ရက် ညနေပိုင်းအထိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဆင်ဟွာ