ဖေဖော်ဝါရီ ၂၄

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းကို အလွန်ပြင်းထန်သော နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသခံများသည် ၎င်းတို့၏နေအိမ်များတွင် အကာအကွယ်ယူနေထိုင်လျက်ရှိစဉ် နယူးယောက်မြို့တွင် ယာဉ်မောင်းများအား လမ်းပေါ်မထွက်ရန်နှင့် စာသင်ကျောင်းများကိုပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အမျိုးသားမိုးလေဝသဌာန (NWS) က X  ပလက်ဖောင်းပို့စ်တစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ၂၈ မိနစ်တွင်နှင်းထူထပ်စွာ ကျဆင်းလျက်ရှိသည်ဟုဖော်ပြခဲ့ပြီး စုစုပေါင်း ဆီးနှင်းကျဆင်းမှု ၁၄ ဒသမ ၉ လက်မရှိကြောင်း ပြောကြားခဲ့သည်။

ထိုမြို့တော်၏ အရေးပေါ်ဌာနများ၏ ပြောကြားချက်အရ မန်ဟက်တန်နှင့် ဘရွတ်ကလင်းတွင် နှင်းထု ၉ လက်မမှ ၁၁ လက်မအထိ ဖုံးလွှမ်းလျက်ရှိပြီး မလိုအပ်သည့် (အရေးမကြီးသော) ယာဉ်များအားလုံးကို နယူးယောက်မြို့ရှိ လမ်းများ၊ အမြန်လမ်းများနှင့် တံတားများပေါ်တွင် မောင်းနှင်ခွင့်မပြုကြောင်း တားမြစ်ထားသည်ဟု သိရသည်။

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီမှ မြောက်ပိုင်းပြည်နယ် မိန်းအတွင်း နေထိုင်သူ သန်းပေါင်းများစွာသည် အချို့ဒေသများတွင် နှင်းထုအမြင့် ၂ ပေ (၆၀ စင်တီမီတာ) ခန့်အထိကျနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြသည်။

နယူးယောက်တွင် ဒေသစံတော်ချိန် နံနက် ၆ နာရီ (GMT ၁၁၀၀) မတိုင်မီ ၂၉ ဒီဂရီဖာရင်ဟိုက် (အနှုတ် နှစ်ဒီဂရီစင်တီဂရိတ်)ဖြင့် နှင်းများနှင့် အေးခဲနေသောမြူများ စံချိန်တင်ခဲ့ကြောင်း အမျိုးသားမိုးလေဝသဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို