လော့စ်အိန်ဂျယ်လိစ်၊ မေ ၃
အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကလေးသူငယ် ပေါင်း ၁၀၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း အမေရိကန်ကလေးဆိုင်ရာ ဆေးပညာအဖွဲ့နှင့် ကလေးများဆေးရုံအသင်း၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
အမေရိကန်၌ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ကလေးသူငယ်ပေါင်း ၁၅ ဒသမ ၆ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့် ခုနစ်လအတွင်း သီတင်းပတ်တစ်ပတ်လျှင် ကလေးများ အကြား ကိုဗစ်-၁၉ ရောဂါ ပျမ်းမျှကူးစက်မှုနှုန်းမှာ ၂၇၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့် သီတင်း ပတ်လေးပတ်အတွင်း သီတင်းပတ်တစ်ပတ်လျှင် ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါ ပျမ်းမျှကူးစက် မှုနှုန်းမှာ ၁၀၀၀၀ ခန့်အထိ ကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များနှင့် ဆက်စပ်သောအဖျားပြင်းမှုနှင့် ရောဂါ၏ ဖြစ်နိုင်ချေရေရှည်အကျိုး သက်ရောက်မှုများကို အကဲဖြတ်နိုင်ရန်အလို့ငှာ အသက်အရွယ်အလိုက် တိကျသော အချက်အလက်များကို ပိုမိုစုဆောင်းထားရန် လိုအပ်သည်ဟု အစီရင်ခံစာက ဆိုသည်။
ကလေးငယ်များ ကျန်းမာရေးအပေါ် ကပ်ရောဂါ၏ လက်ရှိသက်ရောက်မှုများ ရှိနေသည်ကို အသိအမှတ်ပြုရန် အရေးကြီးသလို ပို၍အရေးကြီးသည်မှာ ဤမျိုးဆက်သစ် ကလေးငယ်များနှင့် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ကပ်ရောဂါ၏ ရေရှည်အကျိုးသက်ရောက်မှုများကို ဖော်ထုတ်ဖြေရှင်းရန်လည်း လိုအပ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ