အမေရိကန်နဲ့ အီရန်တို့ကြား ဗျာများနေရတဲ့ ဥရောပ

 

ခြူးစန္ဒီနွေး

မေရိကန်နဲ့ အီရန်တို့ကြား အခြေအနေဆိုးရွားလာလေ ကြားထဲက စိတ်ညစ်ရတဲ့လူတွေကတော့ ဥရောပခေါင်းဆောင် တွေပါပဲ။ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည် ပြုလုပ်ကတည်းက ဥရောပခေါင်းဆောင်တွေဟာ စိုးရိမ်တကြီး ဖြစ်ခဲ့ရပါတယ်။

စွမ်းအားမဲ့သလိုဖြစ်ရ
အီရန်နျူကလီးယားစာချုပ်ကို ဥရောပနိုင်ငံတွေအနေနဲ့ မူလအခြေအနေအတိုင်း ထိန်းသိမ်းလိုပေမယ့် အမေရိကန်ရဲ့ စစ်အင်အား၊ ဘဏ္ဍာရေးအင်အားနဲ့ နှိုင်းယှဉ်လာရင်တော့ သူတို့လည်း စွမ်းအားမဲ့သလို ဖြစ်သွားရတာပါပဲ။ အီရန် နျူကလီးယားစာချုပ်ကို အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် အရေးပါတဲ့ စာချုပ်တစ်ခုအဖြစ် ဥရောပနိုင်ငံတွေက ရှုမြင်ကြပါတယ်။ ပိတ်ဆို့မှုတွေကြောင့် ယိုင်နဲ့လာတဲ့ အီရန်နိုင်ငံရဲ့ စီးပွားရေးကို အကူအညီပေးဖို့ ဥရောပနိုင်ငံတွေကို အကူ အညီတောင်းခဲ့ပါတယ်။ အကူအညီမပေးဘူးဆိုရင်တော့ အီရန်နျူကလီးယား သဘောတူစာချုပ်ဟာ ပျက်စီးသွားမှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု ပျက်စီးသွားနိုင်
အခုဆိုရင် အီရန်ဟာ သတ်မှတ်ထားတဲ့ ယူရေနီယံ ပမာဏထက်ကျော်လွန်ပြီး ထုတ်လုပ်ဖို့ အစပြုနေပါပြီ။ ဒါပေမယ့်လည်း အမေရိကန်ကတော့ အီရန်ကို ဖိအားပေးတဲ့အခါမှာ ဥရောပနိုင်ငံတွေအားလုံးကို သူနဲ့အတူ ပါဝင်စေချင်ပါတယ်။ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို လုံးဝပိတ်သိမ်းပြီး စေ့စပ်ညှိနှိုင်းရေးအတွက် စကားစလာစေဖို့ အမေရိကန်ဘက်က အလို ရှိပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ အီရန်ရဲ့ ပါဝင်စွက်ဖက်မှုတွေကို လျှော့ချစေလိုပြီး အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကိုလည်း ကန့်သတ်လိုပါတယ်။ အမေရိကန်နဲ့ အီရန်တို့ရဲ့ အခြေအနေ တင်းမာနေချိန်မှာတော့ ဥရောပခေါင်းဆောင်တွေဟာ အခြေအနေ ထိန်းသိမ်းကြဖို့ တောင်းဆိုမှုတွေလည်း အရင်ကလို မလုပ်နိုင်တော့ပါဘူး။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေ ကနေ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကိုလည်း ပျက်စီးသွားနိုင်ပါတယ်။

အာမခံချက်ပေးဖို့လို
အီရန်ကတော့ လာမယ့် ခုနစ်ရက်အတွင်းမှာ ယူရေနီယံသန့်စင်မှုကို သတ်မှတ်ထားတဲ့နှုန်းထား ထက်ကျော်လွန်ပြီး ထုတ်လုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အဲဒီလိုမျိုး မလုပ်စေချင်ရင် ဥရောပနိုင်ငံတွေဟာ စီးပွားရေးပိတ်ဆို့မှုတွေမှာ ဖြေလျှော့မှုတွေ ပြုလုပ်ပေးဖို့ အာမခံချက်ပေးရမှာပါ။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေအောက်မှာ အီရန်နဲ့ စီးပွားရေး ဆက်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ၂၀၁၉ ဇန်နဝါရီလအတွင်းမှာ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ဟာ အီရန်နဲ့ စီးပွားရေးလုပ်ဖို့အတွက် အစီအစဉ် တစ်ရပ်တည်ထောင်ခဲ့ ကြပါတယ်။ အဲဒီအစီအစဉ်ကို ကုန်သွယ်ရေးဖလှယ်မှု အထောက်အကူဖြစ်စေရေးယန္တရားလို့ အမည်ပေးထားပြီး အီရန်နဲ့ စီးပွားရေးလုပ်ရာမှာ ဒေါ်လာမသုံးဘဲ ကုန်သွယ်ရေး လုပ်ဆောင်တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

အန်တုနိုင်မယ့် စနစ်မျိုးမဟုတ်
ကုန်ပစ္စည်းလဲလှယ်တဲ့စနစ် အသုံးပြုရုံမျှနဲ့တော့ အီရန်နိုင်ငံဘက်က အလိုရှိတဲ့ စီးပွားရေးအနေအထားမျိုးကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေ၊ ထောက်ပံ့ ရေးပစ္စည်းတွေအတွက် လွယ်ကူစေဖို့ စီစဉ်ထားတဲ့ အရာသာဖြစ်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုတွေကို အန်တုနိုင်မယ့် စနစ်မျိုး မဟုတ်ပါဘူး။ နောက်ပြီးတော့ ဥရောပကုမ္ပဏီကြီးတွေကလည်း အီရန်နဲ့ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့စနစ်လုပ်ပြီး အမေရိကန် ရဲ့ ပိတ်ဆို့မှုဒဏ်ကို ခံချင်ကြမှာ မဟုတ်ပါဘူး။

အီရန်ဘက်က ခြိမ်းခြောက်မှုပြုထား
၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူ စာချုပ်အရ အီရန်ဟာ ယူရေနီယံသန့်စင်ခြင်း လုပ်ငန်းတွေကို အကန့်အသတ်နဲ့ လုပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ထုတ်ဖို့ လောင်စာအတွက် အချို့သော နည်းပညာတွေနဲ့ သတ္တုပစ္စည်းတွေ အတွက်တော့ ဆက်လက်ထိန်းသိမ်းထားဆဲပါပဲ။ အခုအခါမှာတော့ ယူရေနီယံသန့်စင်ခြင်း လုပ်ငန်းကို ၂၀ ရာခိုင်နှုန်းအထိ ပြုလုပ်ချင်လည်း လုပ်သွားမယ်လို့ အီရန်ဘက်က ခြိမ်းခြောက်ထား ပါတယ်။ လက်နက်ပြုလုပ်ဖို့ဆိုရင် အီရန်ဟာ ယူရေ နီယံသန့်စင်ခြင်းကို ၉၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၉၀ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး လုပ်ကိုင်ရမှာဖြစ် သလို တစ်ခါတစ်ရံ မှာလည်း ဒါဟာ အောင်မြင်မှု ရနိုင်ပါလိမ့်မယ်လို့ တထစ်ချပြောလို့မရပါဘူး။

အကန့်အသတ်များလွန်း
ဥရောပနိုင်ငံတွေကို စီးပွားရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပြုလုပ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူးဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ယခင်က လုပ်ကိုင်ခဲ့သူ ဂျရယ်မီရှာပီရိုက ပြောပါတယ်။ ဥရောပနိုင်ငံတွေဟာ အီရန်နဲ့ အမေရိကန်ကြား ကြားညပ်နေရတယ်လို့လည်း အီရန်နိုင်ငံဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ ဂူလန်နူမီဆေဗီရာဘန်ဒါက ပြောပါတယ်။ ဥရောပနိုင်ငံတွေဟာ အီရန်နျူကလီး ယားသဘောတူစာချုပ်ကို ဆက်လက်ရှင်သန်စေလိုပေမယ့် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ကျော်လွန်ပြီး အီရန်နဲ့ စီးပွားရေးလုပ်ဖို့ကျလည်း လုံလုံလောက်လောက်ရှိအောင် မစွမ်းဆောင်နိုင်ပါဘူး။ အီရန် နျူကလီးယားစာချုပ်ကို ကယ်တင်ဖို့ ဥရောပနိုင်ငံတွေလုပ်ဆောင်နိုင်တဲ့ စွမ်းအားဟာ အကန့်အသတ်များ လွန်းတယ်လို့ ကာကွယ်ရေး သုတေသန အင်စတီကျုမှ အီရန်ဆိုင်ရာ ကျွမ်းကျင်သူ အန်နီရှာဘတ်ဆီရီတက်ဗ်ရီဇီက ပြောပါတယ်။

ရေနံတင်ပို့မှုအတွက် မကူညီနိုင်
အခုဆိုရင် အီရန်ရဲ့ ရေနံတင်ပို့မှုဟာလည်း ဖြတ်တောက်ခြင်းခံလိုက်ရသလို အိုမန်ပင်လယ်ကွေ့မှာလည်း ပြဿနာတွေ တက်နေပါတယ်။ ဥရောပဟာ စီးပွားရေးအရ အီရန်ကိုအနည်းငယ်သာ အကူအညီပေးနိုင်တဲ့အချိန်မှာ ရေနံတင်ပို့မှုအတွက် တော့ အကူအညီ မပေးနိုင်ပါဘူး။ အီရန်ဘက်ကလည်း နျူကလီးယားစာချုပ် ချုပ်စဉ်ကာလက စီးပွားရေးအရ သူတို့ပေးခဲ့တဲ့ ကတိတွေကို မတည်နိုင်ဘူးဆိုပြီး ခံစားရပါတယ်။ အခုဆိုရင် ပိတ်ဆို့မှုတွေဟာလည်း ပိုပိုပြီးဆိုးလာခဲ့ပါတယ်။ အီရန်ရဲ့ စီးပွားရေးဟာလည်း အကျပ်ရိုက်လာရပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော နှစ်စင်း တိုက်ခိုက်ခံရတဲ့ကိစ္စ ဖြစ်လာခဲ့တယ်။ လက်သည်တရားခံဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပေမယ့် အမေရိကန် ကတော့ ဒါဟာ အီရန်ရဲ့လက်ချက်ပဲလို့ တစ်ထစ်ချ စွပ်စွဲခဲ့ပါတယ်။

အမေရိကန်က တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်
အီရန်ဘက်က နျူကလီးယားသဘောတူ စာချုပ်ပါ အချက်အလက်တွေကို မကြာခင် ချိုးဖောက်သွားဖို့ရှိတယ်လို့ ကြေညာခဲ့တဲ့ အခါမှာတော့ အမေရိကန်သမ္မတဟာ အရှေ့အလယ်ပိုင်းဒေသကို တပ်ဖွဲ့ဝင် ၁၀ဝဝ ခန့် ထပ်မံစေလွှတ်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီ အစဉ်ကို ဟန့်တားနိုင်ဖို့ လုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီး သုံးရက်အကြာမှာ ဒီသတင်းထွက်ပေါ်လာတာပါ။ တနင်္လာနေ့က ပြုလုပ်တဲ့ ဥရောပနိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီးမှာတော့ ဥရောပ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဖီဒရီကာ မိုဟီရီနီက အီရန်ဟာ နျူကလီးယားသဘောတူ စာချုပ်ပါ အချက်တွေ ချိုးဖောက်ပစ်မှာကို ဥရောပနိုင်ငံတွေက မလိုလားဘူးဆိုတာကို ရှင်းလင်းအောင် ပြောကြားခဲ့ပါတယ်။ အီရန်ဟာ နျူကလီး ယားသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ခြင်း ရှိ မရှိ ကိုသိနိုင်ဖို့ ဥရောပအနေနဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ ကြေညာချက်ကို စောင့်ကြည့်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ငြင်းခုံကြဆဲ
ဥရောပမှာတော့ အီရန်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာ ငြင်းခုံကြတုန်းပဲ ရှိပါသေးတယ်။ အဲဒီအချိန်မှာပဲ အမေရိကန်ရဲ့ ဖိအားဟာ ပိုပိုတိုးလာပါတယ်။ နောက်ဆိုရင် အီရန်ကို လုံခြုံရေးကောင်စီဆီတင်ဖို့ အမေရိကန်ဟာ ဥရောပသမဂ္ဂကို ဖိအားပေးလာနိုင်တယ်လို့ နိုင်ငံခြားဆက်သွယ်မှုဆိုင်ရာ ဥရောပကောင်စီမှ အီရန် အရေးကျွမ်းကျင်သူ အီလိုင်းဂျန်ရန်မိုင်က ပြောပါတယ်။ အီရန်နျူကလီးယား စာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားတာရယ်၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေကြောင့် အီရန်ကို နျူကလီးယားလမ်းကြောင်းပေါ် တွန်းတင်လိုက်သလိုဖြစ်မှာ စိုးရိမ်ရပါတယ်။
ကိုးကား- နယူးယောက်တိုင်းမ်