အမေရိကန်နဲ့ လျှို့ဝှက်ဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့တဲ့ ဗင်နီဇွဲလားအစိုးရ

၂၃ သြဂုတ်


အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေခဲ့တာတောင်မှ ဗင်နီဇွဲလားအစိုးရဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့နဲ့ လပေါင်းများစွာကြာအောင် လျှို့ဝှက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့တယ်ဆိုတာကို ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက ယခုရက်ပိုင်းမှာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် မာဒူရိုကို အသိအမှတ်ပြုလက်ခံခြင်းမရှိတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ဟာ ထိပ်ဆုံးက ပါဝင်တဲ့နိုင်ငံဆိုတာကို လူအများ သိရှိထားကြပြီး ဖြစ်ပါတယ်။ မစ္စတာမာဒူရိုက သမ္မတထရမ့်အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှုတွေကို လျှို့ဝှက်စွာ လုပ်ဆောင်လာခဲ့တာ လချီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

 

ရာထူးကနေ ဆင်းသွားဖို့ 


ဒါပေမယ့်လည်း  အမေရိကန်လုံခြုံရေးအကြံပေး ဂျွန်ဘော်လ် တန်ကတော့   ဆွေးနွေးခဲ့ကြတဲ့တစ်ခုတည်းသော  အကြောင်းအရာကတော့   သမ္မတမာဒူရို   ရာထူးကဆင်းသွားဖို့   ဆိုတာပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။    ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့  သမ္မတထရမ့်က ၎င်းရဲ့အစိုးရအဖွဲ့ဟာ  ဗင်နီဇွဲလားနိုင်ငံရဲ့   ကိုယ်စားလှယ်အမျိုးမျိုးနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေခဲ့တယ်လို့   ယခုရက်ပိုင်းအတွင်းမှာပဲ  အတည်ပြုခဲ့ပါတယ်။ ဘယ်သူတွေနဲ့လဲဆိုတာကို ကျွန်ုပ်မပြောနိုင်ဘူး။ ဒါပေမယ့် ဆွေးနွေးပွဲတွေကတော့   အကြီးတန်းအာဏာပိုင်တွေနဲ့ အတူ   လုပ်ဆောင်ခဲ့တာလို့    ထရမ့်က   ဝန်ခံထားပါတယ်။

 

ဖိအားပေးဖို့


အမေရိကန်လုံခြုံရေးအကြံပေး မစ္စတာဂျွန်ဘော်လ်တန်ကတော့ ဗင်နီဇွဲလားပြည်သူတွေရဲ့   သဘာဝသယံဇာတ  အရင်းအမြစ်တွေကို ဖြည်းဖြည်းချင်း ခိုးယူနေတာတွေနဲ့  အဆက်မပြတ် ဖိနှိပ်နေတာတွေ အဆုံးသတ်သွားဖို့ဆိုရင်တော့    မာဒူရို   ထွက်သွားမှပဲ    ဖြစ်နိုင်မယ်ဆိုတာကို သမ္မတထရမ့်က  အကြိမ်ကြိမ်ဖော်ပြခဲ့ပြီးပြီလို့   ဆိုပါတယ်။

 

မာဒူရိုကို  ကျောထောက်နောက်ခံပေးနေကြသူတွေနဲ့  ဆွေးနွေးခဲ့ကြတဲ့ တစ်ခုတည်းသော  အကြောင်းအရာကတော့  ၎င်းရာထူးကနေ ဆင်းသွားဖို့နဲ့   လွတ်လပ်ပြီး   တရားမျှတတဲ့   ရွေးကောက်ပွဲတွေ ကျင်းပဖို့   ဆိုတာပဲလို့    ပြောကြားခဲ့ပါတယ်။ အမေရိကန်အနေနဲ့ သမ္မတမာဒူရို ရာထူးက   ဆင်းသွားရေး  ပိုမိုဖိအားပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ယခုလအစောပိုင်းမှာ  အရေးယူပိတ်ဆို့မှုတွေကို ယခင်ကထက် ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိဗင်နီဇွဲလားအခြေအနေ


ဗင်နီဇွဲလားနိုင်ငံဟာ  အာဏာရှင်သမ္မတ  နီကိုးလပ်စ်မာဒူရိုနဲ့ အတိုက်အခံခေါင်းဆောင်  အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျူအန်ဂွိုက်ဒို တို့ရဲ့ အာဏာပြိုင်ဆိုင်မှုကြားမှာ   ချောင်ပိတ်မိနေပါတယ်။   မစ္စတာ ဂွိုက်ဒိုက  ပြီးခဲ့တဲ့  ဇန်နဝါရီလမှာ   မိမိကိုယ်ကို  ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ကြေညာလိုက်ပြီး သမ္မတ မာဒူရို ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ပြောဆိုထားတဲ့သူ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင် မစ္စတာ ဂွိုက်ဒိုဟာ နိုင်ငံပေါင်း ၅၀ ကျော်ရဲ့ ကျောထောက်နောက်ခံပေးမှုကို ရရှိထားလင့်ကစား လက်ရှိသမ္မတမာဒူရိုကို ရာထူးကနေ ဖယ်ရှားဖို့ မစွမ်းနိုင်ခဲ့ပါဘူး။

 

ပြည်သူတွေအထိနာ


ဘာဗေဒိုစ်က လက်ခံကျင်းပပေးခဲ့ပြီး  နော်ဝေနိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးတဲ့ ဆွေးနွေးပွဲတွေဟာဆိုရင်လည်း မကြာသေးခင်ကပဲ   တစ်ပိုင်းတစ်စနဲ့   ရပ်တန့်သွားခဲ့ပါတယ်။ အကြောင်းကတော့ သမ္မတမာဒူရိုက   အတိုက်အခံအဖွဲ့ဟာ   အမေရိကန်က ဗင်နီဇွဲလား အပေါ်ချမှတ်နေတဲ့  အရေးယူပိတ်ဆို့မှုတွေကို  ထောက်ခံအားပေး နေတယ်လို့  ကြေညာလိုက်ပြီး  နောက်ထပ်ဆွေးနွေးပွဲတက်ဖို့ ကိုယ်စားလှယ်တွေကို မစေလွှတ်နိုင်ဘူးလို့ ပြောခဲ့လို့ပါပဲ။

 

နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ သမ္မတနဲ့ အတိုက်အခံတို့က တစ်ဖက်နဲ့တစ်ဖက် မာန်မလျှော့ဘဲ ပြိုင်ဆိုင်နေကြပေမယ့်လည်း တကယ်တမ် တော့   အထိနာရတာက  ပြည်သူတွေပါပဲ။ ဗင်နီဇွဲလားဟာ သမိုင်းမှာ အဆိုးရွားဆုံးလို့ဆိုရမယ့် စီးပွားရေး အကျပ်အတည်းအောက် အမှန်တကယ် ကျရောက်နေရတာဖြစ်ပြီး  ပြည်သူသန်း ၃၀ ရဲ့  လေးပုံသုံးပုံလောက်ဟာ  လူသားချင်း  စာနာထောက်ထားမှု အကူအညီတွေလိုအပ် နေတယ်လို့  ကုလသမဂ္ဂကဖော်ပြထားပါတယ်။  ပြီးခဲ့တဲ့  နှစ်တွေမှာ နိုင်ငံကို စွန့်ခွာထွက်ပြေးကြတဲ့ ပြည်သူလေးသန်းကျော် ရှိခဲ့ပါပြီ။

 

အမေရိကန်ကြားဝင်မှု


မစ္စတာမာဒူရိုရဲ့  အစိုးရအဖွဲ့ဟာ များပြားလှစွာသော အကြောင်းပြ ချက်တွေကြောင့်  နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့  သတိပေးခြိမ်းခြောက်မှုတွေကို  ရင်ဆိုင်နေရပါတယ်။ အောက်လွှတ်တော်အတွင်းမှာ အတိုက်အခံ ကိုယ်စားလှယ်အများစုက  နေရာရရှိထားတာကြောင့်   သမ္မတက ၎င်းကို ထောက်ခံသူတွေနဲ့  ဖွဲ့စည်းထားတဲ့ ယှဉ်ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့ကို ဖန်တီးထားပါတယ်။

 

၂၀၁၈ခုနှစ်မှာ ၎င်းကိုပြန်လည်အနိုင်ရရှိစေခဲ့တဲ့ ရွေးကောက်ပွဲဟာ အငြင်းပွားစရာအဖြစ်  လူပြောများခဲ့ပြီး  အဲဒီရွေးကောက်ပွဲအတွင်း ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်အများစုကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်တာတွေနဲ့ အချို့ကို နိုင်ငံအတွင်းကနေ ထွက်သွားစေခဲ့တာတွေ ဖြစ်လာပြီးနောက်မှာ  ၎င်းကို ဝေဖန်သူတွေက ရွေးကောက်ပွဲဟာ လုပ်ပွဲတစ်ခုသာဖြစ်ပြီး မသမာမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြပါတယ်။

 

အင်အားသုံးနှိမ်နင်း


နောက်ပိုင်းမှာ ဆက်ဖြစ်လာတာတွေကတော့ ဆန္ဒပြပွဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုတွေပါပဲ။ ဆန္ဒပြပွဲတွေဟာ အကြမ်းပတမ်း ဖြစ်လာပြီး အာဏာပိုင်တွေရဲ့ အင်အားသုံးဖြိုခွင်းမှုတွေကြောင့် အရပ် သားပြည်သူတွေ သေဆုံးရမှုတွေ ရှိလာပါတယ်။ ဗင်နီဇွဲလားမှာ ဖြစ်နေတဲ့အခြေအနေတွေ ပိုမိုဆိုးရွားလာတာဟာ အမေရိကန်ရဲ့  ကြားဝင်စွက်ဖက်နေမှုတွေနဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် ဖြစ်တယ်လို့ မကြာခဏ အပြစ်တင်ခဲ့ပြီး အမေရိကန်အပေါ် ဒေါသတွေ ပုံချခဲ့ပါတယ်။

 

ထောက်အထားမဲ့စွပ်စွဲ


ဘာသက်သေအထောက်အထားမှ မပြနိုင်ပေမယ့်လည်း သမ္မတ မာဒူရိုက  အမေရိကန်အထူးသဖြင့်   လုံခြုံရေးအကြံပေး    မစ္စတာ ဂျွန်ဘော်လ်တန်ဟာ    ၎င်းကိုလုပ်ကြံသတ်ဖြတ်ဖို့    ကြိုးစားနေတာလို့ စွပ်စွဲလိုက်ပါတယ်။ ပြည်ပအင်အားကြီးနိုင်ငံတွေက ၎င်းရဲ့လုပ်ပိုင်ခွင့် အာဏာကို ပြည်တွင်းကနေ အာခံတော်လှန်နိုင်အောင် အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံအားပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ပစ်မှတ်ပြောင်းလဲ


မစ္စတာမာဒူရိုအစိုးရအဖွဲ့ကို အမေရိကန်က လုပ်ဆောင်မယ့် ပိတ်ဆို့မှုမှာ ပထမဆုံးပစ်မှတ်က အစိုးရအာဏာပိ်ုင်တွေဖြစ်ပေမယ့် ယခုနှစ်အစောပိုင်းမှာ အမေရိကန်ကတစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်ပြီး ဗင်နီဇွဲလားရဲ့ စီးပွားရေးမှာ အသက်သွေးကြောသဖွယ်ဖြစ်တဲ့ နိုင်ငံပိုင် ရေနံကုမ္ပဏီအပေါ်  ပိတ်ဆို့မှုစည်းမျဉ်းအသစ်တွေ ချမှတ်လိုက်ပါတယ်။အဲဒီ  မတိုင်မီမှာလည်း သမ္မတမာဒူရိုကို    ပိုပြီးဖိအားပေးဖို့အတွက် အမေရိကန်မှာရှိတဲ့ ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ် လိုက်ပါတယ်။   မာဒူရိုအစိုးရနဲ့    သက်ဆိုင်တဲ့    လုပ်ငန်းမှန်သမျှကို တားမြစ်လိုက်ပြီး    အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း   အဲဒီ လုပ်ငန်းတွေနဲ့ ဆက်ဆံတာကို ပိတ်ပင်ခဲ့ပါတယ်။

 

စီးပွားလုပ်ကိုင်ခွင့်မရှိ


အမေရိကန်ကုမ္ပဏီတွေအနေနဲ့  တိုက်ရိုက်ပဲဖြစ်ဖြစ်၊   တစ်ဆင့်ခံပဲ ဖြစ်ဖြစ်  ဗင်နီဇွဲလားအစိုးရနဲ့   ဆက်ဆံနေတဲ့   ကုမ္ပဏီတွေနဲ့လုပ်ငန်း ဆောင်ရွက်ခွင့် မရှိတော့ဘူးလို့ သမ္မတထရမ့်က   ဇူလိုင် ၅ ရက်  ညပိုင်း မှာ ချက်ချင်းအမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


သို့သော်လည်း  ခြွင်းချက်အနေနဲ့  အမေရိကန်အစိုးရနဲ့  ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက်  ဗင်နီဇွဲလားအစိုးရဆီ  ငွေကြေးလွှဲပြောင်းမှုကိုတော့  ခွင့်ပြု ပေးခဲ့ပါတယ်။ ကင်းလွတ်ခွင့်ပြုတဲ့အထဲမှာ ဗင်နီဇွဲလားနိုင်ငံက ပုဂ္ဂလိကလုပ်ငန်းငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။         ။


ကလျာမိုးမြင့်
ကိုးကား- ဆင်ဟွာ