ဘေဂျင်း ၇ ဇန်နဝါရီ
ကမ္ဘာ့အင်းအားကြီး ကုန်သွယ်ဘက် နိုင်ငံ နှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံမှာ ကိုယ်စားလှယ်အဖွဲ့များ ဘေဂျင်းမှာ ပထမဦးဆုံးအကြိမ် မျက်နှာချင်းဆိုင် ဒီကနေ့ တွေ့ဆုံကြကြောင်း သိရပါတယ်။
အမေရိကန် ကုန်သွယ်ရေးအဖွဲ့ကိုယ်စားလှယ် အကြီးအကဲ ဂျက်ဖရီ ဂါးရစ် ဦးဆောင်တဲ့အဖွဲ့က ဘေဂျင်းမှာ ရှိတဲ့ တည်းခိုခန်းကနေ ဒီကနေထွက်ခွာရာ သတင်းထောက်တွေကို တစ်စုံတစ်ရာမှတ်ချက် ပေးခြင်းမရှိကြောင်း သိရပါတယ်။ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် အင်္ဂါနေ့မှာလည်း ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။

ကမ္ဘာ့အင်းအားကြီး ကုန်သွယ်ဘက် နိုင်ငံ နှစ်ခုကြားမှာ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးပဋိပက္ခမှာ လနှင့်ချီပြီး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြားက အပြန်အလှန်ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံနေရာ တစ်နိုင်ငံခြင်းစီရဲ့ ကုန်ပစ္စည်းအပေါ် ကုန်သွယ်ခွန်ကောက်ခံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။
အမေရိကန်သမ္မတမှာ အဲဒီ ပဋိပက္ခကို ပြေလည်စေမယ့် မျှော်လင့်ချက် ရောင်ခြည်တိုးမြင့်လာတယ်လို့ ဆိုနိုင်ပါတယ်။ သမ္မတ ထရန့် က “ တရုတ်နဲ့ သဘောတူညီချက်တစ်ခု ချနိုင်မယ်။ တရုတ်သမ္မတ ရှီကလည်း ဆွေးနွေးပွဲမှာ အလွန်တက်တက်ကြွကြွ ပါဝင်နေသလို သူကိုယ်တိုင်လည်း တက်ကြွနေကြောင်း၊ ထိပ်တန်းအရာရှိတွေ လုပ်ဆောင်နေတာလည်း အကောင်းဘက်မှာ ရှိနေတယ်”လို့ ပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင်ရှိသူကလည်း ကုန်သွယ်ရေးပဋိပက္ခကနေ တရုတ်ရော အမေရိကန်ပါ အကျိုးအမြတ်မရရှိသလို ကမ္ဘာ့ စီးပွားရေးကိုလည်း အကျိုးအမြတ်မရနိုင်ဘူးလို့ ပြောပါတယ်။
MDN
ကိုးကား- AFP
