၈ ဇွန်
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမဟာမိတ်နိုင်ငံတွေဟာ ဇွန်လ ၆ ရက်နေ့မှာတော့ (၇၅) ကြိမ်မြောက် D-Day အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ D-Day ဆိုတာ ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ မဟာမိတ်တပ်သားတွေ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေမှာ ကမ်းတက်တိုက်ပွဲဆင်နွှဲပြီး ဂျာမနီလက်အောက်ရောက်နေတဲ့ ပြင်သစ်ကို ကယ်တင်နိ်ုင်ဖို့ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို အမေရိကန်သမ္မတ ထရမ့်ကလည်း ဗြိတိန်ဝန်ကြီးချုပ်၊ ပြင်သစ်သမ္မတတို့အပါအဝင် ဥရောပခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
သဘောထားကွဲလွဲ
ဒီလိုမျိုး အတူတကွတက်ရောက်ခဲ့ကြပေမယ့် အနာဂတ် ဥရောပကာကွယ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပ ခေါင်းဆောင်တွေကြား နှစ်ဖက်သဘောထားတွေ ကွဲလွဲစရာပေါ်ပေါက် လျက်ရှိပါတယ်။ အမေရိကန်ကတော့ ဥရောပသမဂ္ဂကို ကိုယ်ပိုင်ကာကွယ်ရေးအတွက် စရိတ်ပိုမို ကျခံပေးဖို့ ဖိအားပေးခဲ့ပါတယ်။ သမ္မတထရမ့် လက်ထက်မှာ ဒီလိုဖိအားပေးမှုအသံဟာ ပိုပြီးကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာတော့ ဥရောပသမဂ္ဂဟာ ကာကွယ်ရေး အသုံးစရိတ်၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် တုံ့ပြန်မှုတွေပြုလုပ်ပေမယ့် အမေရိကန် ဘက်ကတော့ စဉ်းစားစရာတွေ ရှိနေပါတယ်။ ဒီအရွေ့ကြောင့် Trans-Atlantic (အတ္တလန် တစ်ပူးပေါင်းဆောင်ရွက်ရေး) ကို ထိခိုက်မှာစိုးရိမ်ရသလို အမေရိကန်ကုမ္ပဏီတွေအတွက် အကျိုးအမြတ်ရ ယှဉ်ပြိုင်မှုတွေမှာ ထိခိုက်လာမှာကို စိုးရိမ် ရတယ်လို့ အမေရိကန်ဘက်က အကြောင်းပြချက် ပေးထားပါတယ်။
အဆင်မပြေမှုဆီ ဦးတည်
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ အီရန်အရေးကိစ္စတို့မှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီး အခု ကာကွယ်ရေးအသုံးစရိတ်ကိစ္စဟာလည်း နောက်ထပ် သဘောထားကွဲလွဲစရာ အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။ အမှန်တကယ်တော့ ဥရောပကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ဟာ အမေရိကန် သမ္မတ ထရမ့်ရဲ့ တောင်းဆိုမှုကနေတစ်ဆင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ဥရောပမဟာမိတ်တွေနဲ့ အဆင်မပြေမှုဆီကို ဦးတည်သွားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ဝါရှင်တန်မှာ သီးခြားဆွေးနွေးစဉ်ကတည်းက အဆင်မပြေဖြစ်ခဲ့တာလို့ ဥရောပသံတမန်တွေက ပြောပါတယ်။
ကန့်သတ်ထား
အမေရိကန် အဆင့်မြင့်သံတမန်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂျေမာဖရေးကတော့ ဥရောပနဲ့ ယူရေရှားကိစ္စရပ်များဆိုင်ရာ ဗျူရိုမှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့အတွင်း ကာကွယ်ရေးအစီအစဉ်တွေမှာ တတိယနိုင်ငံတွေ ပါဝင်မှုကို ကန့်သတ်ထားတာကိုလည်း အမေရိကန်က သဘောမကျဘူးလို့ ပြောပါတယ်။ အချို့သောနိုင်ငံတွေဟာ အပေါ်ယံရွှေမှုန်ကြဲထားတဲ့ ကာကွယ်ရေးမူဝါဒအောက်ကို လိုက်နေကြပြီး အမျိုးသားကာကွယ်ရေး လုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ဆောင်နေကြတယ်။ နောက်ပြီးတော့ ကနေဒါ၊ နော်ဝေနဲ့ အမေရိကန်တို့လိုမျိုး အဖွဲ့ကြီးအတွင်းမှာ ပါဝင်ခြင်းမရှိတဲ့ နိုင်ငံတွေ ပါဝင်မှု၊ ယှဉ်ပြိုင်မှုတွေကိုလည်း ဖြတ်ချပစ်ဖို့ ကြိုးစားနေတယ်လို့ သူကဆက်ပြောပါတယ်။
ဥရောပကာကွယ်ရေးရန်ပုံငွေ
ဥရောပသမဂ္ဂနိုင်ငံရေးနဲ့ လုံခြုံရေးကော်မတီက ဥရောပသံတမန်တွေကတော့ အခြေအနေတွေကတော့ တင်းမာနေပြီလို့ ပြောပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ဥရောပကာကွယ်ရေးရန်ပုံငွေဆိုတာ ရှိလာတော့မှာဖြစ်ပြီး ဥရောပသမဂ္ဂ သုတေသနနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးရန်ပုံငွေကနေ သုံးစွဲမှာပါ။ ၂၀၂၁ ကနေ ၂၀၂၇ အထိ ယူရို ၁၃ ဘီလီယံ သို့မဟုတ် ယူရို ၁၄ ဒသမ ၆ ဘီလီယံကို သုံးစွဲသွားဖို့ စီစဉ်ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံထဲက ၂၅ နိုင်ငံဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးတွေမှာအတူ လုပ်ဆောင်သွားဖို့ သဘောတူထားပါတယ်။ ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂကနေ အပြီးသတ်နုတ်ထွက် ပြီးသွားပြီဆိုရင် ဗြိတိန်ဟာလည်း စည်းဝိုင်းအပြင် ရောက်သွားမှာဖြစ်လို့ အခုအခါမှာတော့ အမေရိကန်နဲ့ တစ်လေသံတည်းထွက်ပါတယ်။ ဥရောပရဲ့ ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်မယ့် အစီအစဉ်အရ ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေဟာ ထူးခြားတဲ့ အခြေအနေမျိုးမှာသာ ပါဝင်ခွင့်ရှိမှာ ဖြစ်တဲ့အတွက် ဗြိတိန်နဲ့ အမေရိကန်တို့ကတော့ သူတို့ရဲ့ ကာကွယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ပြောပါတယ်။
အခက်အခဲတွေ ရှိလာနိုင်
လတ်တလောသတ်မှတ်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက် မူကြမ်းတွေအတိုင်းဆိုရင် မြောက်အမေရိကနဲ့ ဥရောပတို့ကြား ကာကွယ်ရေးကဏ္ဍမှာ ချိတ်ဆက်မှုမရှိတော့ဘူးဆိုရင် အတူတကွ ပေါင်းစည်းလုပ်ဆောင်ဖို့ရာ အခက်အခဲတွေ ရှိလာမှာဖြစ်သလို ရန်ဘက်တွေသဘောကျအောင် လုပ်ဆောင်သလိုလည်း ဖြစ်နေနိုင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေကြား ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးလည်း ထိခိုက်သွား နိုင်တယ်လို့ မစ္စတာ မာဖရေးက ပြောပါတယ်။ ဥရောပနိုင်ငံတွေကတော့ အမေရိကန်ဟာ သူ့ရဲ့ အခွန်ထမ်းပြည်သူတွေရဲ့ ဝင်ငွေကနေ အမေရိကန် ကာကွယ်ရေးအတွက် အသုံးပြုသလို ဥရောပမှာလည်း ဒီလိုပဲလုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး ဥရောပနဲ့ အမေရိကန်တို့ကြား အဓိကသဘောထား ကွဲလွဲစရာ ဖြစ်နေခဲ့ပါတယ်။
ကာကွယ်ရေးစွမ်းရည်တိုးလာ
အမေရိကန်ဟာ ဥရောပကို ကာကွယ်ရေး အသုံးစရိတ်မှာ အမှန်တကယ်ပဲ ပိုပြီးအားထုတ် သင့်တယ်လို့ယူဆရင် အဆုံးမှာတော့ ဥရောပရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်ဟာ ပိုပြီးတိုးလာမှာ အမှန်ပါပဲ။ ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဂေါ်ဒန်ဆန်းလန်းကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကြား စစ်ရေးအရ ပူးပေါင်းမှုတွေ ပိုပြီးနက်ရှိုင်းလာလေလေ နှစ်ဖက်စလုံးအတွက် ပိုပြီးအကျိုးများလေလေပဲလို့ နေတိုးအဖွဲ့ဆိုင်ရာ အီတလီ သံတမန်ဟောင်းဖြစ်သူ စတီဖန်နိုက ပြောပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေကြား ဆက်ဆံရေးမှာ ပိုမိုအားကောင်းလာလိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အဖွဲ့အတွင်း သဘောထားကွဲလွဲ
ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ အတွင်းမှာကိုပဲ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ပိုလန်၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားတို့ဟာ ရုရှားကို စိုးရိမ်ကြပြီး အမေရိကန်နဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိလိုပါတယ်။ နယ်သာလန်နဲ့ ဆွီဒင်တို့ကတော့ အမေရိကန်ရဲ့ စိုးရိမ်မှုကိုနားလည်ပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းကို ရှောင်ရှားလိုပါတယ်။ ကာကွယ်ရေးအင်အား တောင့်တင်းတဲ့ ပြင်သစ်၊ အီတလီနဲ့ စပိန်တို့ကတော့ သဘောထားတင်းမာတဲ့ ဘက်က ပါဝင်ကြပါတယ်။ ဒါပေမယ့် ဥရောပနိုင်ငံ တွေအားလုံးကတော့ နေတိုးအဖွဲ့ရှိနေတာဖြစ်လို့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ကြား ဆက်သွယ်မှု ပြတ်တောက်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
စိုးရိမ်စရာမလို
ဥရောပသမဂ္ဂအဖွဲ့ ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၂၂ နိုင်ငံက နေတိုးအဖွဲ့ထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဥရောပကာကွယ်ရေးကဏ္ဍမှာ အဆင့်မြှင့်တင်ရုံနဲ့ Trans-Atlantic ပူးပေါင်း ဆောင်ရွက်ရေးကို ထိခိုက်သွားမှာ အမေရိကန်အနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ဥရောပသံတမန်တွေက ပြောပါတယ်။ ဥရောပကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ပြောခဲ့တာလည်း ထရမ့်ပါပဲ။ အခု ဥရောပမှာ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်မှာဖြစ်ပေမယ့် ဒီအစီအစဉ်မှာ အမေရိကန်လို အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံအနေနဲ့ အမြဲတမ်းပါဝင်ဖို့ မဖြစ်နိုင်တဲ့အခါမှာတော့ ထရမ့်ဟာ ဒီကိစ္စကို သဘောမတူနိုင်တော့ပါဘူး။ ။
ခြူးစန္ဒီနွေး
ကိုးကား- နယူးယောက်တိုင်းမ်