လန်ဒန်၊ ဧပြီ  ၄

 

ဆော်ဒီဦးဆောင်သော ထိပ်တန်းရေနံထုတ်လုပ်သူ အများအပြားသည် အမေရိကန်၏ ငွေကြေး ဖောင်းပွမှုကို ထိန်းထားရန်အတွက် ရေနံတိုးမြှင့်ထုတ်လုပ်ပေးရန် တောင်းဆိုမှုကို ဆန့်ကျင်သည့် အနေဖြင့် ရေနံထုတ်လုပ်မှုကို အဆမတန်လျှော့ချမည့် အစီအစဉ်ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

 

ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (အိုပက်) အပါအဝင် ရေနံစိမ်းတင်ပို့သူများ၏ မဟာမိတ်အဖွဲ့ဝင် နိုင်ငံများက တစ်ရက်လျှင် စုစုပေါင်းရေနံစည်ပေါင်း တစ်သန်းကျော် ထုတ်လုပ်မှုကို ရုတ်တရက် ဖြတ်တောက်လိုက်ပြီးနောက် ရေနံစိမ်းဈေးကွက်သည် ၈ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့သည်။

 

အယ်လ်ဂျီးရီးယား၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ဧပြီ ၂ ရက် တွင် ရုတ်တရက် ထုတ်ပြန်ခဲ့သည့် ရေနံထုတ်လုပ်မှု လျှော့ချခြင်း အစီအစဉ်ကို မေလတွင် စတင်မည်ဖြစ်ပြီး ယခုနှစ်ကုန်အထိ ကြာမြင့်မည်ဖြစ်သည်။

 

ရေနံစျေးနှုန်း မြင့်တက်မှုသည် ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို တိုးမြင့်စေပြီး စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ပေးကာ ပိုမိုမြင့်မားသော ငွေကြေးဖောင်းပွမှုများသို့ ဦးတည်စေနိုင်သည်။

 

အေအက်ဖ်ပီ