ဇန်နဝါရီ ၃
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိန်ဂျလိစ်မြို့အနီး ဈေးဝယ်စင်တာ အဆောက်အဦတစ်လုံး၏ခေါင်မိုးထိပ်သို့ ယမန်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျမှုကြောင့် နှစ်ဦးသေဆုံးပြီး အခြား ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် လော့စ်အိန်ဂျလိစ်မြို့၏အရှေ့တောင်ဘက် ၄၀ ကီလိုမီတာအကွာ ဖူလာတန်မြို့တွင် ဒေသစံတော်ချိန် ည ၂ နာရီ ၉ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထိုဈေးဝယ်စင်တာအဆောက်အဦခေါင်မိုးထိပ်သို့လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ရာ မီးအကြီးအကျယ်လောင်ကျွမ်းသဖြင့် ယင်းအဆောက်အဦထိပ်မှ မီးခိုးများထွက်ပေါ်လာပုံကို ကေအေဘီစီသတင်းချန်နယ်၏ ဗွီဒီယိုဖိုင်တွင် ဖော်ပြထားသည်။
ထိုအဆောက်အဦသည် ဒေသတွင်းရထားလမ်းကြောင်း Metrolink အနီးတွင်တည်ရှိပြီး လူနေရပ်ကွက်များနှင့် ကုန်လှောင်ရုံများနံဘေးတွင်ရှိသည်ဟုသိရသည်။ ယင်းပျက်ကျလေယာဉ်အမျိုးအစားကိုချက်ချင်းမသိရှိရသေးဟု ဖူလာတန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်စတီဝဲလ်က ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို