၃၁ ဇန်နဝါရီ
အမေရိကန်နိုင်ငံမြောက်ပိုင်းရှိ ပြည်နယ်တစ်ဒါဇင်လောက်မှာ ဗုဒ္ဓဟူးနေ့က အပူချိန်က အန္တာတိကတိုက်ထက် အအေးပိုနေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေမှာ အနှောက်အယှက်ဖြစ်နေသလို ဒေသခံ ၁၀ သန်း လောက်အတွက် အလုပ်အကိုင်တွေကို ပုံမှန်လုပ်ခွင့်မရဘဲ ငြိမ်ငြိမ်သက်သက်နေရတဲ့အခြေအနေမှာ ရှိနေပါတယ်။

အအေးလွန်ကဲနေတဲ့အတွက် ဒေသခံတွေကို နေအိမ်တွင်းမှာနေဖို့ပြောဆိုထားပြီး ကျောင်းတွေ၊ အလုပ်တွေ ပိတ်ထားသလို လေယာဉ်ခရီးစဉ်ပေါင်း ၁၅၀ဝ ကျော်ကို ပါ ဖျက်သိမ်းထား ကြောင်းသိရပါတယ်။ အမေရိကန် စာပို့စနစ်ဟာ ရာသီဥတုဘယ်လောက်ဆိုးဆိုး စာပို့စာဝေခြင်းတွေ လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ချက်ရှိခဲ့ပေမယ့် စာပို့ စာဝေခြင်းလုပ်ငန်းတွေပါ ရပ်ဆိုင်းထားရတာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ ချီကာကို ပတ်ဝန်းကျင်မှာ အပူချိန်ဟာ အနှုတ် ၃၀ ဒီဂရီ စင်တီဂရိတ်အထိ ကျသွားပါတယ်။ ဒါပေမယ့် လေအေးတွေ တိုက်နေတဲ့အတွက် အပူချိန်ဟာ အနှုတ် ၄၆ ဒီဂရီစင်တီဂရိတ်လိုမျိုး ခံစားနေရပါတယ်။ ဒီအပူချိန်ဟာ လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလိုဖြစ်နေပါတယ်။
MDN
ကိုးကား - AFP


