နိုဝင်ဘာ ၂၁

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ နိုက်ကလပ်တစ်ခုတွင် နိုဝင်ဘာ ၁၉ ရက်ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်းသေဆုံးပြီး အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါပြည်နယ်၏ လူဦးရေ ဒုတိယအများဆုံးမြို့ရှိ နိုက်ကလပ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနှစ်မိနစ်အကြာတွင် ထိုသံသယရှိသူကို ထိန်းသိမ်းထားနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ထိုသံသယရှိသူသေနတ်သမားသည် အသက် ၂၂ နှစ်အရွယ် အန်ဒါဆန်လီအယ်ဒရစ်အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသည် ရိုင်ဖယ်သေနတ်ကိုင်ဆောင်ကာ ကလပ်အတွင်းဝင်ရောက်ပြီးပြီးချင်းပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကော်လိုရာဒိုရဲတပ်ဖွဲ့အကြီးအကဲ ဗတ်ကွတ်က မီဒီယာကို ပြောကြားသည်။

ထိုသေနတ်သမား ဆက်လက်ပစ်ခတ်ခြင်းမပြုနိုင်ရန် ကလပ်အတွင်းရှိလူနှစ်ဦးထက်မနည်းက ယင်းသေနတ်သမားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ဟု ဗက်ကွက်က ဆိုသည်။

နိုက်ကလပ်၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ယင်းသေနတ်သမားကိုထိန်းချုပ်ထားနိုင်ခဲ့သည့် လျှင်မြန်သော တုံ့ပြန်တိုက်ခိုက်မှုများအတွက် နိုက်ကလပ်သို့လာရောက်အားပေးကြသောလူစွမ်းကောင်းများအား ကျေးဇူးတင်ရှိကြောင်း ရေးသား ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို