ဝါရှင်တန် ဩဂုတ် ၁

 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၌ မျောက်ကျောက်ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် အရေးပေါ် အခြေအနေတစ်ရပ် ယမန်နေ့က ကြေညာခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် နိုင်ငံအတွင်း၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း ၅၁၈၉ ဦးရှိကြောင်း အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

 

နယူးယောက်ပြည်နယ်သည် အခြားသော အမေရိကန်ပြည်နယ်များထက် ရောဂါကူးစက်မှု ပိုမိုများပြားသည့်အတွက် ရောဂါထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပြည်နယ်အတွင်း တင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကာသီဟိုချူက ဆိုသည်။

 

မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာသီဟိုချူက တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

 

ထို့ပြင် မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံရေးနှင့် ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုတို့ကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

 

လက်ရှိတွင် အမေရိကန်အစိုးရအဖွဲ့က မျောက်ကျောက်ရောဂါ ကာကွယ်ဆေး အလုံးရေ ၃၄၀၀၀၀ ခန့်အား ပြည်နယ်အာဏာပိုင်များထံသို့ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများ၌ မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့လျက်ရှိ သည်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၇၉ နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၂၄၈၅ ဦးရှိပြီး စပိန်နှင့် ဘရာဇီးနိုင်ငံများတွင် အဆိုပါရောဂါကူးစက်မှုကြောင့် သေဆုံးမှုရှိကြောင်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်