ဧပြီ ၂၀

 

အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ်အများအပြားတွင် နှင်းမုန်တိုင်းတိုက်ခတ်သဖြင့် သိန်းနှင့်ချီသော လျှပ်စစ်ဓါတ်အားလိုင်းများ ပြတ်တောက်မှုဖြစ်ပွားခဲ့သည်ဟု ယမန်နေ့က ဖော်ပြထားသည်။

 

နယူးယောက်၊ ပင်ဆယ်ဗေးနီးယား၊ မိန်း၊ နယူးဟန့်ရှားနှင့် ဗားမောင့်ပြည်နယ်တို့တွင် ဆီးနှင်းများထူထပ်သဖြင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

နယူးယောက်ပြည်နယ်တွင် လူပေါင်း ၁၉၅၀၀၀ ကျော်  လျှပ်စစ်မီးမရရှိခဲ့ကြောင်း ဒေသန္တရအစိုးရ၏ပြောကြားချက်အရ သိရသည်။

 

နယူးယောက်ပြည်နယ်ရှိ အထက်ပိုင်းဒေသများတွင် ဆီးနှင်းထူထပ်မှုသည် ညတွင်းချင်း ခြောက်လက်မမှ ၁၁ လက်မအထိ ရှိလာပြီး ထိုနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများကျိုးကျပြီး လျှပ်စစ်ဓါတ်အားများပြတ်တောက်ခဲ့ကြောင်း နယူးယောက်ပြည်နယ်အစိုးရက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ဒေသန္တရအစိုးရများထံမှ အကူအညီတောင်းခံပါက ပူးပေါင်းကူညီလုပ်ဆောင်ရန် အရေးပေါ်ကယ်ဆယ်ရေး စင်တာ တစ်ခုဖွင့်လှစ်ထားသည်ဟု ထပ်လောင်းဖော်ပြထားသည်။

 

အဆိုပါနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် လူ ၄၆၀၀၀ ခန့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု နှင့်ကြုံတွေ့ရပြီး ယာဉ်အများအပြား မတော်တဆမှုဖြစ်ပွားခဲ့သည်။

 

ယခုအချိန်အထိ ထိုမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူဦးရေ သတင်းရရှိခြင်းမရှိသေးဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို