မတ် ၂၃

အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုဒေသတွင် ယမန်နေ့မွန်းလွဲပိုင်းက မုန်တိုင်းနှင့်ဆက်နွှယ်သည့်မတော်တဆမှုများကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များကပြောကြားသည်။

သစ်ပင်များကျိုးကျမှုနှင့်ဆက်နွှယ်သည့်သီးခြားမတော်တဆမှုများတွင် ဒဏ်ရာများရရှိရာမှ ဆန်ဖရန်စစ္စကိုဒေသခံနှစ်ဦး သေဆုံးခဲ့သည်ဟု ထိုမြို့ရှိတာဝန်ရှိသူများက ဆိုသည်။

အခြားသေဆုံးသူသုံးဦးသည် ရာသီဉတုပြင်းထန်မှုကြောင့်ဖြစ်ပြီး ၎င်းသုံးဦးသည် အော့ကလန်၊ ဝါလ်နတ်နှင့် ဆန်မာတိုစီရင်စု တို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

မီးသတ်တပ်ဖွဲ့ဝင်များက ဆန်ဖရန်စစ္စကိုမြို့ရှိမိုးမျှော်တိုက်များအနီးဝန်းကျင်ဒေသများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြန့်ကျဲနေသော ပြတင်းပေါက် မှန်ကွဲစများနှင့် ကျိုးကျနေသော သစ်ပင်ပေါင်း ၇၀၀ ဝန်းကျင်ကို ရှင်းလင်းရေးလုပ်ဆောင်နေကြသည်ဟု သိရသည်။

ဆန်မာတိုစီရင်စုအုပ်ချုပ်ရေးရုံးက သစ်တောဘေးရှိနေအိမ်အလုံး ၃၀ ခန့်အား ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် သတိပေးချက်ထုတ်ပြန်ထားသည်။

ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က  လေပြင်းများတိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်များ ပျမ်းမျှအားဖြင့် တစ်နာရီခန့်နှောင့်နှေးကြန့်ကြာနိုင်ကြောင်း ဆန်ဖရန်စစ္စကိုနိုင်ငံတကာလေဆိပ်တွင် ယမန်နေ့မနက်ပိုင်းက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို