ဝါရှင်တန် ၂၇ ဇူလိုင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဇူလိုင် ၃၀ ရက်နှင့် သြဂုတ် ၆ ရက်အကြားတွင် ထိုင်း၊ သြစတြေးလျနှင့် မိုက်ခရိုနီးရှားနိုင်ငံတို့သို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

မိုက်ခရိုနီးရှားနိုင်ငံသည် ကျွန်းစုပေါင်း ၆၀ဝ ဖြင့် ဖွဲ့စည်းထားသည့် အနောက်ပစိဖိတ်သမုဒ္ဒရာ တွင် တည်ရှိပြီး ကျွန်းစုလေးစုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မြို့တော်ဗန်ကောက်၌ ကျင်းပမည့် အမေရိကန်နှင့် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများအသင်း (အာဆီယံ) ၏ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အနိမ့်ပိုင်းမဲခေါင်ဒေသနိုင်ငံများ၏ ဝန်ကြီးအဆင့် အစည်းအဝေးများတွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင်မိုက်ပွန်ပီယိုသည် အရှေ့အာရှနိုင်ငံများ၏ ဝန်ကြီးအဆင့် ထိပ်သီးအစည်းဝေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒေသဆိုင်ရာ ဝန်ကြီးအဆင့် ဖိုရမ်များကိုလည်း တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် မိုက်ပွန်ပီယိုသည် သြစတြေးလျနိုင်ငံသို့ ခရီးဆက်မည်ဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် မကြာသေးမီက အတည်ပြုခန့်အပ်ထားသည့် မာ့ခ်အက်စ်ပါနှင့်အတူ သြစတြေးလျနှင့် အမေရိကန်ဝန်ကြီးအဆင့် ညှိနှိုင်းဆွေးနွေးပွဲဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ သြစတြေးလျနိုင်ငံ ခရီးစဉ်အတောအတွင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် အခြားအစိုးရ အရာရှိကြီးများကိုလည်း သီးသန့်တွေ့ဆုံရန် စီစဉ်ထားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ