၈ မေ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ကြိုတင်အသိပေးခြင်းမရှိဘဲ အီရတ်သို့သွားရောက်ခဲ့ကြောင်း သိရသည်။
မိုက်ပွန်ပီယိုသည် ဂျာမနီသွားမည့်ခရီးစဉ်ကို ယမန်နေ့က ဖျက်သိမ်းခဲ့ပြီး ဘဂ္ဂဒက်မြို့တော်သို့ သွားရောက်ခြင်းဖြစ်သည်။ မိုက်ပွန်ပီယိုက အီရန်နိုင်ငံက လှုပ်ရှားမှု အရှိန်မြှင့်လာပြီး တိုက်ပွဲများဖြစ်အံ့ဆဲဆဲ အစီအစဉ်များနှင့်ပတ်သက်ပြီး သတင်းရရှိခြင်းကြောင့် အီရတ်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
မိုက်ပွန်ပီယိုသည် နောက်ထပ် အသေးစိတ်အချက်အလက်များ ဖြေကြားရန် ငြင်းဆိုခဲ့သော်လည်း အမေရိကန် မီဒီယာက အီရန်တို့ဘက်က ဒုံးကျည်များ ပါရှန်ပင်လယ်ကွေ့တွင် ရွှေ့ပြောင်းထားဖွယ် ရှိခြင်းသည် အမေရိကန်စစ်တပ်များ နှင့် အမေရိကန် မဟာမိတ်များကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည်ဟု သတင်းဖော်ပြထားသည်။
မိုက်ပွန်ပီယိုသည် အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdi နှင့် သမ္မတ Barham Salih တို့နှင့် ဆွေးနွေးရာတွင် အီရတ်နိုင်ငံရှိ အမေရိကန်များ လုံခြုံမှု ရှိစေရန် နှင့် နိုင်ငံကာကွယ်ရန် အမေရိကန်တို့က ပူးပေါင်းဆောင်ရွက်မည် ဟု ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်ဟု သိရသည်။
မိုက်ပွန်ပီယို၏ ခရီးစဉ်သည် အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ၏ တိုက်ခိုက်ရေးအဖွဲ့ နှင့် ဘီ-၅၂ ဗုံးကျဲတိုက်ခိုက်ရေးအဖွဲ့ တို့ကို အရှေ့အလယ်ပိုင်းဒေသသို့ ဖြန့်ကြက်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို