ရန်ကုန် ၁၁ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr. Dylan Chow ၏ ဆုရဇာတ်လမ်းတိုများနှင့် ပတ်သက်၍ ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ ညနေ ၄ နာရီခွဲက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း အမှတ်(၅၀)၊  ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ဒါရိုက်တာ Mr. Dylan Chow နှင့်အတူ Music Video တွင် ကိုယ်တိုင်သီဆို ပါဝင်သရုပ်ဆောင်ခဲ့သူ အဆိုတော် မဉ္ဇူရီတို့က ဆုရရုပ်ရှင် ဇာတ်လမ်းတိုများနှင့်ပတ်သက်၍ လည်းကောင်း၊ Music Video ရိုက်ကူးခဲ့စဉ်က အတွေ့အကြုံများ၊ အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

 

mdn

 

ထို့နောက် ဒါရိုက်တာ Mr. Dylan Chow ရိုက်ကူးခဲ့သည့် ဆုရရုပ်ရှင်ဇာတ်လမ်းတိုများနှင့်အတူ အဆိုတော် မဉ္ဇူရီကိုယ်တိုင် သီဆိုပါဝင် သရုပ်ဆောင်ထားသော “ဘာလိုလို” နှင့် “နောက်ထပ်တစ်ခေါက်” အမည်ရှိ Music Video တို့ကိုပြသပြီး ရိုက်ကူးခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် ပရိသတ်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ဒါရိုက်တာ Mr. Dylan Chow က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ဒါရိုက်တာ Mr. Dylan Chow က “အဓိကကတော့ ကျွန်တော် လော့စ်အိန်ဂျလိစ်မှာဆုရခဲ့တဲ့ ဇာတ်ကားတွေကို ဒီမှာပြစေချင်တယ်။ အမေရိကန်ပရိသတ်လည်းလိုချင်သလို မြန်မာပရိသတ်လည်း လိုချင်ပါတယ်။ ကျွန်တော်က မြန်မာပြည်မှာမွေးတဲ့အတွက် မြန်မာပရိသတ်ကိုလည်း ပြသချင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်ပါ”ဟု ယနေ့ဆွေးနွေးပွဲနှင့် ပတ်သက်၍ မီဒီယာများကို ပြောကြားသည်။

 

mdn

 

၎င်းသည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး သရုပ်ဆောင်ပညာ လေ့လာဆည်းပူးရန် အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်မှုဆိုင်ရာ ရုပ်ရှင်ပညာဘွဲ့ကို ရရှိခဲ့သည်။ ၎င်းသည် ဖြစ်ရပ်မှန်အပေါ် အခြေခံသည့် ဇာတ်လမ်းရေးသားမှုနှင့် ရုပ်ရှင်ဇာတ်လမ်းတို ဖန်တီးမှုများကို အစဉ်တစိုက်လုပ်ဆောင်ခဲ့ရာ ၎င်း၏ ရုပ်ရှင်ဇာတ်လမ်းတိုများသည် လော့စ်အိန်ဂျလိစ်၌ ကျင်းပသည့် ရုပ်ရှင်ပွဲတော်များတွင် ထူးချွန်ဆုများစွာရရှိခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ ရုပ်ရှင်အနုပညာရှင်များ၊ အလှဖန်တီးရှင်များနှင့် ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ ဝါသနာရှင်များနှင့် စိတ်ပါဝင်စားသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး