အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ၂၅ ယောက်မြောက် သေဒဏ်ပေးခံရ

အမေရိကန်နိုင်ငံ ဖလော်ရေဒါ ပြည်နယ်မှာ ၂၀၁၈ ခုနှစ်ရဲ့ ၂၅ ယောက်မြောက်ကို  မနေ့မနက်ပိုင်းက သေဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

သေဒဏ်ပေးခံရသူ အသက် ၅၅ နှစ်အရွယ် ဂျိုး ဂျင်းမနစ်ကို ဆေးထိုးပြီး သေဒဏ်အပြစ်ပေးခံခဲ့ရပြီး မနက် ၉နာရီ ၄၈ မိနစ်မှာ သေဆုံးသွားကြောင်း ကြေငြာခဲ့ပါတယ်။ 

ဂျင်းမနစ်ဟာ ဖလော်ရေဒါပြည်နယ် က ၂၀၁၈ ရဲ့ ဒုတိယမြောက် သေဒဏ်အပြစ်ပေးခံရသူ ဖြစ်ပါတယ်။ 

ဂျင်းမနစ်ဟာ ၁၉၉၂ ခုနှစ်က မီယာမီမြောက်ပိုင်းက သူ့အိမ်နီးချင်း အသက် ၆၃ နှစ်အရွယ် တရားရုံးစာရေး ဖေလိစ် မီနစ်ကို သေတဲ့အထိ ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်။ သူဟာ သ့ူအိမ်နီးချင်းအိမ်ကို ဖောက်ထွင်းခိုးယူဖို့ ဝင်ရောက်ခဲ့ပေမယ့် အိမ်ရှင်ကို ဓါးနဲ့ထိုးပြီး ရိုက်သတ်ခဲ့ကြောင်း သိရပါတယ်။ 

ဂျင်းမနစ်ဟာ အကြင်အနာကင်းစွာဖြင့် အင်မတန်ရက်စက်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ်လို့ ၁၉၉၄ ခုနစ်က တရားစွဲခဲ့ တရားလိုရှေ့နေက ဒေသတွင်းသတင်းစာကို ပြောပါတယ်။ 

ဂျင်းမနစ်ရဲ့ ရှေ့နေကတော့ ဂျင်းမနစ်ဟာ မူးယစ်ဆေးစွဲနေသူတစ်ယောက် ဖြစ်တဲ့အတွက် သက်ညှာဖို့ လျှောက်လဲခဲ့ပါတယ်။ 

ဂျင်းမနစ်ကို သေဒဏ်အပြစ်ပေးဖို့အတွက် တရားဥပဒေလမ်းကြောင်းအရ အကြိမ်ကြိမ် ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရပါတယ်။ 

MDN
ကိုးကား- AFP