၂၉ ဇူလိုင်

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အင်္ဂါနေ့မှာ ၂၄ နာရီအတွင်း သေဆုံးသူ ၁၆၀ဝ နီးပါး ရှိကြောင်း  ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုသေဆုံးတဲ့ ပမဏဟာ မေလကစပြီး အများဆုံးဖြစ်ကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ အင်္ဂါနေ့မှာ ၆၄,၇၂၆ ဦးနဲ့ သေဆုံးသူ ၁,၅၉၂ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံးပြည်နယ် (၆) ပြည်နယ်ရှိရာ ဖလော်ရေဒါ၊ အာကန်ဆာ၊ ကယ်လီဖိုးနီးယား၊ မွန်တာနာ၊ အော်ရီဂွန်နဲ့ တက္ကဆက်ပြည်နယ်တွေ ဖြစ်ပါတယ်။

 

 

လော်ရေဒါပြည်နယ်ဟာ ဗိုင်းရပ်စ်ပိုးပြန့်ပွားရာ လက်တလောမှာ ဗဟိုချက် ဖြစ်လာပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို မထိန်းချုပ်နိုင်ခြင်းဟာ စမ်းသပ်စစ်ဆေးခြင်းနဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်သူတွေကို ရှာဖွေရာမှာ အားနည်းခြင်းကြောင့်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

 

 

ကျန်းမာရေး ဝန်ထမ်းတွေကလည်း ဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့ အဖြေဟာ ၄၈ နာရီအတွင်း သို့မဟုတ် အဲဒီထက်နည်းတဲ့အချိန်ကာလ အတွင်းမှာ ထုတ်ပေးနိုင်မှ ဗိုင်းရပ်စ်ပိုးရှိသူဟာ ချက်ချင်း သီးသန့်ခွဲခြား နေထိုင်တာမျိုး လုပ်နိုင်မယ်လို့ ပြောပါတယ်။ ဖလော်ရေဒါမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးအဖြေရရှိရန် ၁၀ ရက်လောက်အထိကြာကြောင်း သိရပါတယ်။

 

 

အခုဆိုရင် ဖလော်ရေဒါမှာ နေထိုင်သူ လူ ၅၀ မှာ ၁ ဦး  ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဟာ တစ်နေ့ကို ၁၀,ဝ၀ဝ နီးပါး ရှိနေပါတယ်။ ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၆,ဝ၀ဝ ကျော် သေဆုံးကြောင်း သိရပါတယ်။

 

 

လူပေါင်း ၂၁ သန်း နေထိုင်တဲ့ ဖလော်ရေဒါပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးနဲ့ ဆက်စပ်နေသူတွေ ရှာဖွေရာမှာ ဝန်ထမ်း ၁,၆၀ဝ သာ ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ က ဝန်ထမ်း အနည်းဆုံး ၆,၃၀ဝ  လိုအပ်ကြောင်း ပြောပါတယ်။

 

 

ပြည်နယ်အုပ်ချုပ်ရေးမှူး ကလည်း ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် မျက်နှာဖုံး ဝတ်ဆင်ရမယ် ဆိုတာမျိုး ကြေညာဖို့ ငြင်းဆန်ပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄.၃ သန်းရှိပြီး သေဆုံးသူ ၁၅၂,၃၂၀  ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP