ဝါရှင်တန် ဩဂုတ် ၂၉

 

အမေရိကန်နိုင်ငံ၌ အလုပ်လုပ်နိုင်သည့် အရွယ်ရောက်ပြီးသူ ၁၆ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ၏ ဆိုးကျိုးများကို ကာလရှည်ကြာခံစားနေရပြီး ယင်းတို့အနက် လေးသန်းခန့်သည် လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း အမေရိကန် အတွေးအခေါ်ပညာရှင်အဖွဲ့ Brookings Institution က ယနေ့ ပြောကြားသည်။

Brookings Institution အဖွဲ့က အမေရိကန် လူ့အဖွဲ့အစည်းအပေါ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု၏ အကျိုးသက်ရောက်မှုဆိုင်ရာ အကဲဖြတ်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြား ပြည်သူ ၁၆ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ၏ နာတာရှည်ဆိုးကျိုးအဖြစ် အသက်ရှူမဝခြင်းနှင့် အာရုံစူးစိုက်ရန် မလွယ်ကူခြင်းတို့ကို ခံစားနေရသည်။

 

ထို့ပြင် ယင်းတို့အနက် နှစ်သန်းမှ လေးသန်းသည် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရသည့်အတွက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြည်သူများ၏ ဆုံးရှုံးသွားသော လုပ်ခ လစာအတွက် ကုန်ကျစရိတ်သည် တစ်နှစ်လျှင် ဒေါ်လာ ၂၃၀ ဘီလီယံအထိ မြင့်မားနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး အဖြစ် နာတာရှည်ရောဂါများခံစားနေရသူဦးရေ သည် တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းတိုးလာပါက ၁၀ နှစ်အတွင်း ဆုံးရှုံးသွားသော နှစ်စဉ်လုပ်အားခသည် ဒေါ်လာ ၅၀၀ ဘီလီယံ ရှိမည်ဖြစ်ကြောင်း အမေရိကန် အတွေးအခေါ်ပညာရှင်အဖွဲ့ Brookings Institution က ခန့်မှန်းထားသည်။

 

ပြည်သူများ ပိုမိုလက်လှမ်းမီနိုင်သည့် ရောဂါကုသမှုနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်သွားရန်နှင့် အလုပ်သမားများ ကျန်းမာရေးအခြေအနေကြောင့် ခွင့်ခံစားရာတွင် လုပ်အားခအပြည့်အဝရရှိစေရေးအတွက် အာမခံချက်ပေးရန် အမေရိကန်အတွေး အခေါ်ပညာရှင်အဖွဲ့ Brookings Institution က တောင်းဆိုထားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်