နယူးယောက် အောက်တိုဘာ

အမေရိကန်ပြည်ထောင်စု၌ ယနေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူပေါင်း ခုနစ်သိန်းကျော်ရှိလာ ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ ရရှိထားသည့် အချက်အလက်များအရ သိရသည်။

ယနေ့ဒေသစံတော်ချိန် ည ၈ နာရီ ၂၁ မိနစ်အထိ အမေရိကန်ပြည်ထောင်စုတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၄၃ ဒသမ ၆ သန်းခန့်ရှိလာ ခြင်းနှင့်အတူ အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၇၀၀၂၅၈ ဦးရှိလာကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင်ကိုဗစ်၁၉ ရောဂါဖြင့် ၆၉၂၅၅ ဦးသေဆုံးခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် အားလုံးအနက် သေဆုံးမှုအများဆုံး ပြည်နယ်ဖြစ်သည်။ ထို့အတူ တက္ကဆက် ပြည်နယ်တွင် ၆၅၅၂၉ ဦး၊ နယူးယောက် တွင် ၅၅၄၁၆ ဦးနှင့် ဖလော်ရီဒါပြည်နယ်တွင် ၅၅၂၉၉ ဦး စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြင့် အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စု ၌ ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၂၂၀၀၀ ကျော်သေဆုံးခဲ့သည့် ပြည်နယ်များတွင် ပင်ဆယ်ဗေးနီးယား၊ အီလီနွိုက်စ်၊ နယူး ဂျာစီ၊ ဂျော်ဂျီယာ၊ မီချီဂန်နှင့် အိုဟိုင်းအိုး ပြည်နယ်တို့လည်း ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုသည်ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအများဆုံးနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်သလို ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံး ထိခိုက်လျက်ရှိသည့် နိုင်ငံဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေသည် ကမ္ဘာတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့်ရှိသည်။ အလားတူ အမေရိကန်နိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူဦးရေသည် ကမ္ဘာတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး သူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူငါးသိန်းရှိပြီး ဇွန် ၁၅ ရက်တွင် အဆိုပါရောဂါဖြင့် သေဆုံးသူခြောက်သိန်း ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၌ ရက်ပေါင်း ၁၁၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ငါးသိန်းမှ ခြောက်သိန်းအထိ ရောက်ရှိလာပြီး ရက်ပေါင်း ၁၀၈ ရက် အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ဦးရေခြောက်သိန်းမှခုနစ်သိန်းအထိရှိလာ ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ