ဧပြီ ၃

အမေရိကန်နိုင်ငံတောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် မတ်လ ၃၁ ရက်နေ့မှစတင်ကာ ဧပြီ ၁ ရက်နေ့အစောပိုင်းအထိ လေဆင်နှာမောင်းနှင့်မုန်တိုင်းများတိုက်ခတ်မှုကြောင့်  သေဆုံးသူ ၂၉ ဦးရှိလာကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

အဆိုပါမုန်တိုင်များတိုက်ခတ်မှုကြောင့်တင်နက်ဆီပြည်နယ်တွင် အဆောက်အဦ ၇၀ ကျော်ပျက်စီးပြီး လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုဒေသခံတာဝန်ရှိသူများကဆိုသည်။ မမ်ဖစ်မြို့တွင် အဆောက်အဦပေါ် သစ်ပင်လဲကျမှုကြောင့် ကလေးနှစ်ဦးနှင့် လူကြီးတစ်ဦးတို့သေဆုံးခဲ့သည်။

အိုင်လီနွက်ဒေသတွင် ခေါင်မိုးပြိုကျမှုကြောင့် အသက် ၅၀ နှစ်အရွယ်အမျိုးသားတစ်ဦးအပါအဝင် လေးဦးထက်မနည်း သေဆုံးခဲ့သည်။ ကရောဖို့ကောင်တီတွင် လူနေအိမ်တစ်လုံးပြိုကျမှုကြောင့် သုံးဦးသေဆုံးခဲ့သည်။

အမေရိကန်နိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းပြည်နယ် အများအပြားတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး လူနေအိမ် ၄၀၀၀၀၀ နီးပါးပျက်စီးသွားခဲ့သည်။

လာမည့်ရက်များအတွင်း ရာသီဉတုပိုမိုဆိုးရွားလာနိုင်ကြောင်း အမေရိကန်အမျိုးသားမိုးလေဝသဝန်ဆောင်မှုအဖွဲ့က သတိပေးပြောကြားသည်။ ထိုမုန်တိုင်းများသည် ဧပြီ ၄ မှ ဧပြီ ၅ ရက်နေ့မနက်ပိုင်းအထိ ပိုမိုတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာတစ်ဝန်းတွင် အပူချိန်မြင့်မားလာသဖြင့် အမေရိကန်တောင်ပိုင်းနှင့်အလယ်ပိုင်းတို့တွင် မုန်တိုင်းများပိုမိုဖြစ်ပွား လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို