အမေရိကန်နိုင်ငံ၌ လေယာဉ်ငယ်ပျက်ကျမှုဖြစ်ပွားသဖြင့် လေးဦးသေဆုံး

အောက်တိုဘာ ၃

အမေရိကန်နိုင်ငံ Utah ပြည်နယ်၌ အောက်တိုဘာ ၁ ရက်နေ့ညပိုင်းက လေယာဉ်ငယ်တစ်စင်းပျက်ကျမှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါလေယာဉ်သည် Utah ပြည်နယ်အရှေ့ပိုင်း Moab မြို့ရှိ Canyonlands လေဆိပ်မှပျံတက်ပြီးမကြာမီ မြေပြင်ပေါ်သို့ပျက်ကျခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူး၊ ၎င်း၏ဇနီးနှင့် ကလေးနှစ်ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။ ပျက်ကျခဲ့သောလေယာဉ်သည် အင်ဂျင်တစ်လုံးတပ် Piper PA-28 လေယာဉ်အမျိုးအစားဖြစ်ကြောင်း အမေရိကန်ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ ( အက်ဖ်အေအေ )က အတည်ပြုခဲ့သည်။

အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာလုံခြုံရေးဘုတ်အဖွဲ့က ယင်းလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး  စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အက်ဖ်အေအေက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို