ဝါရှင်တန် ဇန်နဝါရီ

အမေရိကန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၀၇ သန်းခန့် ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် ဂျွန်ဟော့စ်ကင်း တက္ကသိုလ်က ပြောကြားသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုဒဏ် အများဆုံးခံရသည့် နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၌ လွန်ခဲ့သည့် ခုနစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူနှစ်ဆအထိ မြင့်တက်မှုရှိခဲ့ပြီး ယင်းခုနစ်ရက်အတွင်း တစ်ရက်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၁၈၀၀၀ ရှိကြောင်း ဒေသဆိုင်ရာမီဒီယာများက သတင်းဖော်ပြသည်။

ယူအက်စ်အေတူဒေး၏ သတင်းဖော်ပြချက်အရ အမေရိကန်နိုင်ငံ၌ သီတင်းတစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်သန်းကျော် ရှိခဲ့ကြောင်းလည်း သိရသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၉၃ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅ ဒသမ ၄ သန်းကျော်ရှိကြောင်း ဂျွန်ဟော့စ်ကင်းတက္ကသိုလ်၏ ဖော်ပြချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်