အမေရိကန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သန်းကျော်အထိ ပြန်လည်တွေ့ရှိ

ဝါရှင်တန် ဇန်နဝါရီ ၂၁

အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သန်းကျော် ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ယခုလအစောပိုင်းကလည်း တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၃၆သန်းကျော်အထိ စံချိန်တင်တွေ့ရှိမှု ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

အမေရိကန်နိုင်ငံတစ်ဝန်း၌ ဇန်နဝါရီ ၁၈ ရက် တစ်ရက်တည်းမှာပင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၆၀၇၄၇ ဦးရှိကြောင်းနှင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူ ၁၈၉၆ ဦးရှိကြောင်း သိရသည်။

ဂျွန်ဟော့ကင်းစ်တက္ကသိုလ်၏ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅ ဒသမ ၄သန်းကျော်အထိ စံချိန်တင်ခဲ့ကြောင်းနှင့် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခြင်းကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ လယ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ၌ နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၅၅၀၀၀ နီးပါး ရှိကြောင်းနှင့် အဆိုပါရောဂါဖြင့် နေ့စဉ်ပျမ်းမျှသေဆုံး သူ၁၇၀၀ နီးပါးရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်