ဇွန် ၂၀

 

အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်၊ လူဝစ်ဇီးယားနားနှင့် ဖလော်ရီဒါပြည်နယ်များအပါအဝင် တောင်ပိုင်းပြည်နယ်များရှိ လူပေါင်း ၃၅ သန်းကျော်သည် အပူချိန်မြင့်မားမှုဒဏ်ကို ရက်ပေါင်းများစွာကြာခံရဖွယ်ရှိသည်ဟု အမေရိကန်အမျိုးသား မိုးလေဝသအဖွဲ့က ပြောကြားသည်။

 

ယခုသီတင်းပတ်အတွင်း အပူချိန်အလွန်မြင့်မားဖွယ်ရှိသည်ဟု ထိုအဖွဲ့၏ယမန်နေ့ကနောက်ဆုံးခန့်မှန်းပြောဆိုချက်အရ သိရသည်။ 

 

အရှေ့တောင်ပိုင်းတွင် လာမည့်ရက်အနည်းငယ်အတွင်း မိုးသက်မုန်တိုင်းများ၊ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားနိုင်ဖွယ်ရှိသည်။ အနောက်တောင်ပိုင်းတွင် ရာသီဉတုဆိုးရွားမှုဆက်လက်တည်ရှိနေသည်ဟု ထိုအဖွဲ့ကဆိုသည်။

 

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အပူလှိုင်းများသည် ယခင်ကထက် ပိုမိုဖြစ်ပွားလေ့ ရှိသည်ကိုတွေ့ရှိရသည်။ 

 

အပူလှိုင်းဖြစ်ပွားမှုသည် ၁၉၆၀ ခုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် အပူလှိုင်းနှစ်ကြိမ်မှ  ၂၀၁၀ နှင့် ၂၀၂၀ ခုနှစ်များအတွင်း တစ်နှစ်လျှင် အပူလှိုင်းခြောက်ကြိမ်အထိ အကြိမ်ရေပိုမိုတိုးလာကြောင်း အမေရိကန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာအေဂျင်စီက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို