ဝါရှင်တန်   ၂၁  ဒီဇင်ဘာ

အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးသူများအနက်ခြောက်ဦးသာလျှင် ကာကွယ်ဆေးနှင့် ဓာတ်မတည့်သည့် လက္ခဏာများ တွေ့ရှိရကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း၌ Pfizer နှင့် BioNTech တို့ ပူးပေါင်း ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဒီဇင်ဘာ ( ၁၄ ရက်မှစပြီး ထိုးနှံလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေး ၏ အစွမ်းထက်မှုရှိ၊ မရှိအပါအဝင် ဓာတ်မတည့်မှုများ ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်ပြီး အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာအဖွဲ့ဝင်များက ယမန်နေ့တွင် ဆွေးနွေးခဲ့ကြသည်။

ကာကွယ်ဆေးစတင်ထိုးနှံသည့်ရက်မှစပြီး ဒီဇင်ဘာ ၁၉ ရက်အတွင်း ပြည်သူ ၂၇၀၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် ခြောက်ဦးသာလျှင် ကာကွယ်ဆေးနှင့် ဓာတ်မတည့်သည့်လက္ခဏာများ ထွက်ပေါ်လာခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာအဖွဲ့ဝင်များက ပြောကြားခဲ့သည်။

အဆိုပါခြောက်ဦးအနက် တစ်ဦးမှာ ယခင်ကတည်းက ကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူဖြစ်ပြီး ကျန်ငါးဦးမှာ ကိုယ်ခန္ဓာယားယံခြင်းများ အပါအဝင် ဓာတ်မတည့်သည့် လက္ခဏာများကို ယခင်က ခံစားရဖူးခြင်းမရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ အဖွဲ့က ဆိုသည်။

အမေရိကန်နိုင်ငံ၌ Moderna ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ထပ် တစ်မျိုးကို အရေးပေါ်သုံးစွဲခွင့်ပြုထားပြီး အဆိုပါ ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဘာသာပြန်- အောင်ကျော်ကျော်

ကိုးကား- အင်န်အိတ်ချ်ကေ