ဝါရှင်တန် သြဂုတ် ၂၆

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်များနှင့် အာဖဂန်မိတ်ဆွေများကို အာဖဂန်မှထွက်ခွာရရာ၌ ကူညီပေးရန် အားထုတ်ကြိုးပမ်းမှုများကို သြဂုတ် ၃၁ ရက်နောက်ပိုင်းတွင်လည်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို အာဖဂန်နစ္စတန်မှ ဩဂုတ်လကုန် အဆုံးသတ်ပြီးဆုတ်ခွာရန် ရည်ရွယ်ထားကြောင်း ပြောကြားပြီး တစ်ရက်အကြာတွင် ဘလင်ကန်သည် လတ်တလောဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီးရှင်းပြရန် ဩဂုတ် ၂၅ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

 

ဘလင်ကန်က ကျန်ရှိခဲ့သော အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်တပ်ဖွဲ့များနှင့် နှစ်ပေါင်းများစွာကြာအောင် လက်တွဲခဲ့သော အာဖဂန်မိတ်ဆွေများကို ကူညီရန်နှင့် အမေရိကန်၏ လုပ်ဆောင်မှုတွင် အချိန်ကန့်သတ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။

 

ဩဂုတ် ၁၄ ရက်အထိ အာဖဂန်မှထွက်ခွာချင်သော အမေရိကန်နိုင်ငံသား ၆၀၀၀ ခန့်ရှိကြောင်း ၎င်းတို့အနက် လွန်ခဲ့သော ၁၀ ရက်က အမေရိကန်နိုင်ငံသား ၄၅၀၀ ခန့်ကို အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘလင်ကန်က ပြောသည်။ ထို့အပြင် နောက်ထပ် အယောက် ၅၀၀ နှင့်လည်း အဆက်အသွယ်ရရှိပြီး ဘယ်လိုမျိုးထွက်ခွာရမလဲဆိုပြီး လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော အမေရိကန်နိုင်ငံသား ၁၀၀၀ နှင့် အဆက်အသွယ်ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ဘလင်ကန်က ဖြည့်စွက်ပြောကြားခဲ့သည်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဂျီ-၇ ခေါင်းဆောင်များသည် သြဂုတ် ၃၁ ရက် နောက်ဆုံးကန့်သတ် လိုက်သည့်အပေါ် စိုးရိမ်မှုများဖော်ပြခဲ့သည်။ အဆိုပါ နေ့မတိုင်မီ ၎င်းတို့နိုင်ငံသားများကို အာဖဂန်နစ္စတန်နိုင်ငံမှ မကယ်ထုတ်နိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။

 

ဘလင်ကန်၏ ဩဂုတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲက အဆိုပါစိုးရိမ်မှုသံသယများကို ပြေပျောက်စေရန် သိသိသာသာရည်ရွယ်ခဲ့သည်။

 

ဘလင်ကန်က အမေရိကန်နိုင်ငံသည် အာဖဂန်ပြည်သူများအပေါ် မှန်ကန်သော အခြေခံအခွင့်အရေးများကို မကျင့်သုံးပါက အနာဂတ်အစိုးရကို သီးသန့်ဖယ်ထားရန် သင့်တော်သော လုပ်ဆောင်ချက်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

အင်န်အိတ်ချ်ကေ