ခြူးစန္ဒီနွေး

အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်းနဲ့ ဗုံးကြဲလေယာဉ်တွေကို မေ ၆ ရက်က ပါရှန်းပင်လယ်ကွေ့မှာ တပ်ဖြန့်ချထားခဲ့ပါတယ်။ အဲဒီလိုလုပ်ရခြင်း အကြောင်းရင်းကတော့ အီရန်တို့က အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်မှုပြုတာကြောင့်ရယ်၊ အီရန်ဘက်က ရန်ပြုလာနိုင်တယ်လို့ အလားအလာရှိတာကြောင့် ဒီလိုလုပ်ရခြင်းဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က တနင်္ဂ​နွေနေ့မှာ ပြောကြားခဲ့ပါတယ်

အသေးစိတ်မဖော်ပြ

ပြီးခဲ့တဲ့သောကြာနေ့ကစလို့ အီရန်နဲ့ မဟာမိတ်ယူထားတဲ့ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုသတင်းတွေကို တွေ့ရှိပြီးတဲ့နောက်မှာတော့ အိမ်ဖြူတော်နဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ဟာ ဒီလိုဆုံးဖြတ်ချက် ချခဲ့ရတာပဲဖြစ်တယ်လို့ အဆင့်မြင့်အရာရှိကြီး နှစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ရေတပ် တပ်ဖွဲ့တွေ စစ်ဆင်ရေး ပြုလုပ်တဲ့ရေကြောင်းကိုလည်း စိုးရိမ်ရတယ်လို့ အမေရိကန်အရာရှိကြီး တစ်ဦးက ပြောပါတယ်။

အီရန်တပ်ဖွဲ့ဝင်တွေ သို့မဟုတ် အီရန်နဲ့ ချိတ်ဆက်မှုရှိတဲ့ အီရတ် ရှီးယိုက်စစ်သွေးကြွတွေက ပြုလုပ်တဲ့ ခြိမ်းခြောက်မှုတွေက ဘာတွေလဲဆိုတာကို အသေးစိတ် ဖော်ပြသွားခဲ့ခြင်းတော့ မရှိပါဘူး။ အီရတ်မှာရှိတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စကောက်ရောလစ်ဆင်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့တာမျိုး မရှိပါဘူး။ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်းကို အမျိုးသား လုံခြုံရေးအကြံပေးဂျွန်ဘော်တန်က ကြေညာသွားခဲ့တာပါ။

ချက်ချင်းလက်တုံ့ပြန်မယ်

လေယာဉ်တင်သင်္ဘောဖြစ်တဲ့ ယူအက်စ် အက်စ်အေဘရာဟင်လင်ကွန်းကို လွှတ်လိုက်တာဆိုရင် အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို ထိပါးလာရင် ချက်ချင်းလက်တုံ့ ပြန်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ အီရန်ခေါင်းဆောင်ပိုင်းကို သတင်းပါးလိုက်ခြင်းပဲ ဖြစ်ပါတယ် လို့ မစ္စတာဂျွန်ဘော်တန်က ပြောပါတယ်။အမေရိကန်ပြည်ထောင်စုဟာ အီရန်နဲ့ စစ်ဖြစ်ပွာ ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကပဲဖြစ်ဖြစ်၊ အီရန်တပ်ဖွဲ့ကပဲ ဖြစ်ဖြစ် ပြုလုပ်လာတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ပြန်လည်တုံ့ပြန်သွားဖို့ အသင့်ပြင်ထားတာ ပါလို့ ပြောခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေ ဆက်လက်ထားရှိ

ယခုနှစ်အစောပိုင်းတုန်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မစ္စတာဂျွန်ဘော်တန် တင်ပြတဲ့အဆိုကို လက်ခံခဲ့ပါတယ်။ အဲဒါကတော့ အီရန်ကို စောင့်ကြည့်ဖို့ အီရတ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀ဝ ကို ဆက်လက်ထားရှိသင့်တယ်ဆိုတဲ့ အကြံပါပဲ။ အီရတ်ခေါင်းဆောင်တွေကလည်း ချက်ချင်းပဲ တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ အီရတ်မှာရှိတဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး အီရန်ကို အထီးကျန်နိုင်ငံဖြစ်အောင် ပိုမိုလုပ်ဆောင်မှာကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။ အဲဒီအချိန်မှာပဲ အမေရိကန် သမ္မတဟာ အီရတ်နိုင်ငံ အနောက်ပိုင်း အယ်အဆတ် စစ်အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကိုကြည့်ဖို့ ဒီဇင်ဘာလအတွင်း မှာ သွားရောက်ခဲ့ပါတယ်။

အသုံးချနေတာလား

အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်နဲ့မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် အီရတ်နိုင်ငံရေးသမားတွေမှာ မေးခွန်းတွေရှိလာပါတယ်။ အဲဒါကတော့ ထရမ့်အစိုးရအဖွဲ့ဟာ အီရန်ကို ဆန့်ကျင်ဖို့အတွက် စစ်ရေးအရ ပါဝင်စွက်ဖက်မှုကို အသုံးချနေတာလားဆိုတာပါပဲ။ အမေရိကန်ဘက်ကရရှိတဲ့ သတင်းတွေအရတော့ အီရန်ကတော်လှန်ရေး အစောင့်တပ်နဲ့ အီရတ်မှာရှိတဲ့ အီရန်နဲ့ ဆက်စပ်တဲ့အဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ စိုးရိမ်စရာကောင်းတယ်လို့ အမေရိကန်အဆင့်မြင့် အရာရှိ နှစ်ဦးက ပြောပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်း

အီရတ်မှာရှိတဲ့ စစ်သွေကြွတွေကို တိုက်ထုတ် တုန်းက အီရတ်အစိုးရရဲ့ ရှီးယိုက်တပ်ဖွဲ့တွေ၊ ပြည်သူ့ စစ်အဖွဲ့တွေကို အီရန်စောင့်တပ်ဖြစ်တဲ့ Quds Force  က အကူအညီပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအတွင်းကပဲ အီရန်တော်လှန်ရေးအစောင့်တပ်ကို အမေရိကန်ဘက်က အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ ဒါကြောင့် အဲဒီအဖွဲ့က လူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေ ပြုလုပ်တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ မစ္စတာဂျွန်ဘော်တန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုတို့က ဒီလိုမျိုး အကြမ်းဖက်အုပ်စု စာရင်းသွင်းတာကို လုပ်ဆောင်ခဲ့ကြစဉ်မှာပဲ ကာကွယ်ရေးနဲ့ သတင်းအချက်အလက် အရာရှိတွေကတော့ အကြမ်းဖက်အုပ်စု စာရင်း သွင်းတာကို ဆန့်ကျင်ခဲ့ကြပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ဦးတည်ပြီး အီရန်ဘက်က လက်တုံ့ပြန်လာမှာကို စိုးရိမ်ခဲ့ကြပါတယ်။

အီရန်ဘက်က တုံ့ပြန်မှု

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ အားလုံးကို အကြမ်း ဖက်သမားများအဖြစ် လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုကိုလည်း အကြမ်းဖက်သမားများကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံအဖြစ်လည်းကောင်း ကြေညာတဲ့ ဥပဒေကြမ်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဂျွန်ဟော့ကင်းကျောင်းမှ အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှူးဖြစ်သူ ဗီလာနက်စ်ကတော့ အီရန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တို့ကို တိုက်ခိုက်ဖို့လှုပ်ရှားနေတယ်ဆိုတဲ့ သက်သေအထောက်အထားကို အမေရိကန်က အခုအချိန်အထိ ပြသခြင်းမရှိသေးဘူးလို့ ပြောပါတယ်။ အမေရိကန်သမ္မတထရမ့် ဖြစ်လာကတည်းက အီရန်နဲ့ ဆက်ဆံရေးဟာ တောက်လျှောက်ဆိုသလို ဆိုးရွားခဲ့ပါတယ်။ ဖလော်ရီဒါက ရီပတ်ဗလစ်ကန်အမတ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှ မာကိုရူဘိုင်အိုက စစ်သွေးကြွတွေနဲ့ အီရန်တော်လှန်ရေး အစောင့်တပ်တို့အကြောင်း သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်ကပဲဖြစ်ဖြစ် ဒါမှမဟုတ် ကြားကိုယ်စားလှယ်အဖြစ် ရှီးယိုက်စစ်သွေးကြွ၊ ဟူသီနဲ့ဟစ်ဇ်ဘိုလာတို့က တိုက်ခိုက်မှု ပြုလာခဲ့ရင် အဲဒီအတွက် အီရန်ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ထရမ့်အစိုးရ အဖွဲ့ကတော့ အီရန်ကို လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာတွေကို ထောက်ပံ့ပေးမှု၊ ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေကို ထောက်ပံ့ပေးမှုတို့ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အငြင်းပွားမှုပေါ်ပေါက်

အီရတ်မှာရှိတဲ့ ရှီးယိုက်ပြည်သူ့စစ်တွေကို နိုင်ငံခြားအကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်အရာရှိတွေကြားမှာ အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ရင်းနှီးတဲ့ အီရတ်အရာရှိတွေကလည်း ဒီလိုမျိုး လုပ်ဆောင်တာကို ငြင်းဆန်ကြပါတယ်။ အီရန်နဲ့ အီရန်က အထောက်အပံ့ပြုထားတဲ့တပ်ဖွဲ့တွေဟာ မကြာသေးမီနှစ်များအတွင်း အမေရိကန် တပ်ဖွဲ့တွေကို တိုက်ခိုက်တာမျိုး မလုပ်ပါဘူး။ ရှောင်ရှားထားကြပါတယ်။ အီရတ်ပြည်သူ့စစ်တွေကိုတော့ အီရန်တပ်ဖွဲ့ က လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

၂၀ဝဝ ပြည့်နှစ်ဝန်းကျင် အီရတ်စစ်ပွဲမှာ အီရန်စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေဟာ အီရတ်ရှီးယိုက် ပြည်သူ့စစ်တွေက အမေရိကန်တွေကို တိုက်ခိုက် နိုင်ဖို့အရေး လေ့ကျင့်ကူညီပေးခဲ့ပါတယ်

အဆိုးဆုံးအချိန်

ဒါ့အပြင် အမေရိကန်သံချပ်ကာ ကားတွေ ဖျက်နိုင်ဖို့ ပေါက်ကွဲအားပြင်းတဲ့ လက်နက်တွေကိုလည်း အကူအညီပေးခဲ့ပါတယ်။ အီရန်က အထောက်အပံ့ပေးထားတဲ့ အီရတ်တိုက်ခိုက်ရေး သမားတွေရဲ့ လက်ချက်ကြောင့် အမေရိကန်တပ်ဖွဲ့ ဝင်ပေါင်း ၆၀၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပင်တဂွန်ဌာနချုပ်က ပြောပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ခန့် အီရန်နျူကလီးယား စာချုပ်ကနေ အမေရိကန်နုတ်ထွက်ပြီးချိန်ကစလို့ အီရန်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ တောက်လျှောက်ဆိုသလို တင်းမာခဲ့ရာ အခုအချိန်ဟာ အဆိုးဆုံးလို့ ဆိုရမှာပါပဲ။ ။

ကိုးကား -နယူးယောက်တိုင်းမ်