ဝါရှင်တန်   ဇူလိုင်   ၂၃

အမေရိကန်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံနှင့် ငြိမ်းချမ်းသော  နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်  သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ယမန်နေ့က ပြောကြားသည်။

အဆိုပါသဘောတူညီချက်သည် အမေရိကန်၏ နျူကလီးယားနည်းပညာ တင်ပို့ရောင်းချမှုများကို တိုးချဲ့ရန် ရည်ရွယ်သည့် သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒအပေါ်  အခြေခံထားကြောင်း အမေရိကန်စွမ်းအင်ဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဤသဘောတူညီချက်သည် အမေရိကန်စက်မှုလုပ်ငန်းနှင့် အလုပ်သမားများအတွက် အကျိုးရှိစေမည့်အပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း  စွမ်းအင်ဌာနက  အလေးပေးပြောကြားသည်။

သဘောတူညီချက်ပါ အသေးစိတ်အချက်အလက်အပြည့်အစုံကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ၂၀၀၉ ခုနှစ်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates (UAE)) နိုင်ငံနှင့် ချုပ်ဆိုခဲ့သော အလားတူ နျူကလီးယားသဘောတူညီချက်နှင့် ကွာခြားချက်များရှိနေကြောင်း သည်ဝေါစထရိဂျာနယ်အပါအဝင်   အမေရိကန်မီဒီယာများက ထောက်ပြပြောဆိုခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ချုပ်ဆိုခဲ့သော သဘောတူညီချက်နှင့် မတူညီသည်မှာ ဆော်ဒီ အာရေဗျနိုင်ငံက နိုင်ငံအတွင်း ယူရေနီယမ်ကို ကြွယ်ဝအောင်  မပြုလုပ်ရန်နှင့် အသုံးပြုပြီးသား နျူကလီးယားလောင်စာကို ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းမပြုလုပ်ရန် စံသတ်မှတ်ချက်ကို ငြင်းပယ် ခဲ့ခြင်းဖြစ်ကြောင်း သည်ဝေါစထရိဂျာနယ်က ဖော်ပြသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်