အမေရိကန်နှင့် ဆွေးနွေးပွဲပြုလုပ်ရန် မျှော်လင့်ချက် ပျောက်ကွယ်သွားကြောင်း မြောက်ကိုရီးယား အဆင့်မြင့် သံတမန်တစ်ဦးပြော

၃၁ ဩဂုတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက မြောက်ကိုရီးယားနိုင်ငံ၏ အပြုအမူနှင့်ပတ်သက်၍ ပြောဆိုခဲ့ပြီးနောက်တွင် အမေရိကန်နှင့် ဆွေးနွေးပွဲပြန်လည်စတင်ရန် မျှော်လင့်ချက်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြောင်း မြောက်ကိုရီးယားအဆင့်မြင့် သံတမန်တစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။

ပွန်ပီအို၏ ပြောစကားကြောင့် မြောက်ကိုရီးယားနှင့် အမေရိကန်တို့၏ အလုပ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာ ပိုမိုခက်ခဲသွားကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီးက Korean Central News Agency နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားအနေနှင့် လုပ်ဆောင်ခဲ့ပြီးဖြစ်သော ကိစ္စရပ်များကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ပွန်ပီအိုက ပြုံယမ်း၏ အပြုအမူများကို လျစ်လျူရှုထားရန် မဖြစ်နိုင်ကြောင်း အင်္ဂါနေ့က စစ်သားဟောင်များအဖွဲ့အစည်းအား ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကိုးကား- ကျိုဒိုနယူးစ်
ဘာသာပြန်- စုရည်