ဝါရှင်တန် နိုဝင်ဘာ ၁ 

 

အမေရိကန်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယမန်နေ့ တွင် ပြောကြားခဲ့သည်။

 

ခေါင်းဆောင်နှစ်ဦးက  တောင်ကိုရီးယား ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အခွန်စည်းကြပ်မှု နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းပြီးနောက် သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။

 

တောင်ကိုရီးယားအစိုးရက အမေရိကန်စီးပွားရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့သည်။

 

တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်  ဉာဏ်ရည်တုကဲ့သို့သော အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန်လည်း  ဆွေးနွေးခဲ့ကြသည်။

 

အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံပေါင်း စည်းထားသော    ကာကွယ်ရေးအခြေအနေနှင့် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် ထပ်တိုးဆောင်ရွက်မည့် အစီအမံများကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တညဆောက်ရေးအတွက် အတည်ပြုချက်ပေးရန် လီဂျေမြောင်၏ တောင်းဆိုမှုအပေါ် သမ္မတထရမ့်က ခွင့်ပြုပေးခဲ့ကြောင်း ၎င်း၏ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။

 

ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပြင်ကို ကာကွယ်ရန်အတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို အသုံးပြုကာ တောင်ကိုရီးယားက  အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားရှိမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း   သမ္မတ လီဂျေမြောင်က ပြောကြားခဲ့သည်။    

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -‌ အောင်ကျော်ကျော်