မတ် ၉

ကိုရီးယားကျွန်းဆွယ်တွင် အရေးပေါ်အခြေအနေတစ်ခုအတွက် ပြင်ဆင်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လုပ်ဆောင်လျက်ရှိသည်။ စစ်ရေးလေ့ကျင့်မှုများကို ယနေ့စတင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကထက် စစ်ရေးလေ့ကျင့်မှု နည်းပါးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားတွင် Freedom Shield စစ်ရေးလေ့ကျင့်မှုကို မတ်လ ၁၉ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှု၏ရည်ရွယ်ချက်သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များနှင့် အခြားအစုလိုက်အပြုံလိုက်ဖျက်ဆီးနိုင်သော လက်နက်များကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများကို တားဆီးရန်ဖြစ်ကြောင်း ဖော်ပြထားပြီး စစ်ရေးလေ့ကျင့်မှု ၂၂ ခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုသည်ယမန်နှစ်က အရေအတွက်၏ ထက်ဝက်ပင်မရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်က ၅၁ ခု ရှိကြောင်း ဖော်ပြထားသည်။ ထိုအချိန်က တောင်ကိုရီးယားရှိ Yoon Suk-yeol အစိုးရသည် မြောက်ကိုရီးယားအပေါ် တင်းမာသော မူဝါဒထားရှိခဲ့သည်ဟု သိရသည်။

Freedom Shield စစ်ရေးလေ့ကျင့်မှုအတွက် သီးသန့်သတ်မှတ်ထားသောအချိန်ကာလပြင်ပတွင်လည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် စစ်ရေးလေ့ကျင့်မှု အရေအတွက် နည်းပါးခြင်းသည် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုမရှိကြောင်း တောင်ကိုရီးယားတပ်မတော်က ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို