ဆိုးလ် ၃ အောက်တိုဘာ
အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား အလုပ်သဘောဆွေးနွေးမှုများကို အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်မည်ဟု ကြေညာပြီး နာရီပိုင်းအတွင်းတွင် မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် ရေပြင်မှ မြေပြင်ပစ် ဒုံးကျည်ဟု ယူဆရမည့် ဒုံးကျည်တစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကဏ္ဍမဖွင့်လှစ်မီ သေနင်္ဂဗျူဟာအနည်းငယ် ခင်းကျင်းပြသလိုက်သည့်အတွက် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးမှုအပေါ် အကြိတ်အနယ်လုပ်ဆောင်ရမည့် သဘောတွေ့ရသည်။
ဒုံးကျည်သည် ယနေ့နံနက်ပိုင်းက ပစ်လွှတ်လိုက်သည့်နေရာမှ ကီလိုမီတာ ၄၅၀ အကွာ ဂျပန်ပင်လယ်ပြင်ထဲသို့ ကျရောက်ခဲ့ကြောင်းနှင့် အမြင့် ၉၁၀ ကီလိုမီတာအထိ ပျံသန်းခဲ့ကြောင်း၊ အဆိုပါဒုံးကျည်သည် ရေပြင်မှ မြေပြင်ပစ်ဒုံးကျည်အမျိုးအစား (အက်စ်အယ်လ်ဘီအမ်)ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားက လတ်တလောတွင် အကောင်အထည်ဖော်နေဖွယ်ရှိသည့် ရေငုပ်သင်္ဘောတစ်စင်းပေါ်မှ ပစ်လွှတ်လိုက်ဖွယ်ရှိကြောင်း တောင်ကိုရီးယားဘက် ပြောသည်။
ယခုလို ဆောင်ရွက်ခြင်းက ကိုရီးယားကျွန်းဆွယ်တင်းမာမှုအပေါ် ဖြေလျှော့နိုင်မည်မဟုတ်ကြောင်းနှင့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို ချက်ချင်းရပ်တန့် တောင်ကိုရီးယားစစ်ဘက် ပြောကြားလိုက်သည်။
ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုမျိုးကို ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ ထိုစဉ်က ဒုံးကျည်သည် ဂျပန်နိုင်ငံအထိ ကီလိုမီတာ ၅၀ဝ ခန့် ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအန်းက ဦးဆောင်ကြီးကြပ်ခဲ့သည်။ ယခုအခါတွင် ပစိဖိတ်သမုဒ္ဒရာရှိ ရေငုပ်သင်္ဘောမှ အမေရိကန်ပြည်ထောင်စုကို ပစ်ခတ်နိုင်သည်အထိ တိုးတက်ဖြစ်ထွန်းနေပြီ ဖြစ်သည်။
မြောက်ကိုရီးယား မီဒီယာက ဇူလိုင်လတွင် ပုံနှိပ်ထုတ်ဝေဖော်ပြသော ဓာတ်ပုံများထဲ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် ရေငုပ်သင်္ဘောအသစ်တစ်စင်းကို ကြည့်ရှုစစ်ဆေးနေကြောင်းနှင့် ၎င်းက မြောက်ကိုရီးယားအနေဖြင့် ရေငုပ်သင်္ဘောပစ် ဒုံးကျည်ကို စမ်းသပ်နေသည်ဟု ထင်မြင်စေကာ ဒေသတွင်း စိုးရိမ်မှုများကို မြင့်တက်စေကြောင်း သိရသည်။
ယခုပစ်လွှတ်လိုက်သည့် ဒုံးကျည်အမျိုးအစားသည် တာလတ်ပစ် ဒုံးကျည်အမျိုးအစားဖြစ်ကာ ကီလိုမီတာ ၂၀ဝ၀ အထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုက ကိုရီးယားကျွန်းဆွယ်အရေး အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ပြောကြားလိုက်သည်။
အေအက်ဖ်ပီ