ဂျီနီဗာ မေ ၁၄
အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံအကြား ၎င်းတို့၏ အပြန်အလှန် စည်းကြပ်ခွန်များလျှော့ချရန် သဘောတူညီချက်ကို ကြိုဆိုကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအပေါ် အမေရိကန်၏ အခွန်မူဝါဒ ၏သက်ရောက်မှုအပေါ် စိုးရိမ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲက ယနေ့ပြောကြားသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲ နီဂိုဇီအိုကိုဂျိုအီဝီရာလာက အင်န်အိတ်ချ်ကေသတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံ၌ နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် မေ ၁၉ ရက်မှစ၍ အပြန်အလှန်အခွန် ကောက်ခံမှုနှုန်းထားများကို လျှော့ချရန် သဘောတူညီခဲ့ကြောင်း သိရ သည်။ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်မှုကို ဖြတ်တောက်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်ရေးစနစ် ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ဆိုးရွားသောအကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ကုန်သွယ်ရေးစနစ်ပျက်စီးသွားပါက ကမ္ဘာ့အသားတင် ကုန်ထုတ်လုပ်မှုန်တန်ဖိုး(ဂျီဒီပီ) ၏ ခုနစ်ရာခိုင်နှုန်းအထိ ရေရှည်တွင် ဆုံးရှုံးသွားနိုင်ကြောင်း ၎င်းကပြောကြားသည်။ ကမ္ဘာ့နိုင်ငံများသည်လည်း မည်သည့်နိုင်ငံကိုမျှ တစ်ဖက်သတ်ရွေးချယ်ကာ ကုန်သွယ်မှု ပြုလုပ်ရန်ဆန္ဒမရှိကြောင်းနှင့် နှစ်နိုင်ငံစလုံးဖြင့်သာ ဆက်ဆံရေးကောင်းမွန်စေပြီး ကုန်သွယ်မှုပြုလုပ်ရန် လိုလားကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတကာအပြန်အလှန်ကုန်သွယ်မှု ဆောင်ရွက်ခြင်းသည် နိုင်ငံများစွာကို သာယာဝပြောရေးသို့ ပို့ဆောင်ပေးကာ လွန်ခဲ့သည့်ဆယ်စုနှစ်သုံးခုအတွင်း လူဦးရေ ၁ ဒသမ ၅ ဘီလီယံကို အလွန်အမင်းဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့ကြောင်း လွတ်လပ်သောကုန်သွယ်မှု၏ အရေးပါမှုအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကြီးအကဲ နီဂိုဇီအိုကို ဂျိုအီဝီရာလာက အလေးပေးပြောကြားသည်။
ကိုးကား - အင်န်အိတ်ခ်ျကေ၊ ဘာသာပြန်-အောင်ကျော်ကျော်