ဝါရှင်တန် ဖေဖော်ဝါရီ ၂၈
အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်မှုကိုဖယ်ရှားရန်အတွက် အီရန်ကို လက်ဦးမှုယူကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောသည်။ တိုက်ခိုက်မှုစတင်ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အထူးအရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။
အမေရိကန်တပ်ဖွဲ့သည် ကြီးမားသည့် စစ်ဆင်ရေးကိုပြုလုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်သည့် Truth Social တွင် ပြောကြားခဲ့သည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်ဒုံးကျည်များနှင့် ၎င်းတို့၏ ဒုံးကျည် လုပ်ငန်းများကို ဖျက်ဆီးရန် ကြီးမားသည့်တိုက်ခိုက်မှုကြီး လုပ်ဆောင်လျက်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အီရန်ကြောင့်ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုကို ဖယ်ရှားရန် အစ္စရေးနှင့်အမေရိကန်တို့သည် စစ်ဆင်ရေးတစ်ရပ် စတင်လုပ်ဆောင်ခဲ့ကြောင်း ဗီဒီယိုတစ်ခုတွင် ထုတ်ပြန်ခဲ့သည်။ အီရန်နိုင်ငံကို နျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့်မပြုဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ကလည်း အီရန်နိုင်ငံသည် အစ္စရေးသို့ ဦးတည်ကာ ဒုံးကျည်တိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တိုက်ခိုက်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ အီရန်ဘက်မှ အစ္စရေးသို့ဦးတည်ကာ ဒုံးကျည်အများအပြား ပစ်လွှတ်လိုက်ကြောင်းလည်း အစ္စရေးက ပြောသည်။
အရှေ့အလယ်ပိုင်းဒေသမှ ကူဝိတ်၊ ယူအေအီး၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန် အခြေစိုက် စခန်းများရှိရာ နေရာများသို့ ပစ်မှတ်ထား၍ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွင် ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ပြထားသည်။ ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို ယခုအခါအီရန်၏ တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ဂ်ချီက ပြောသည်။ ဘာရိန်းနိုင်ငံရှိ အမေရိကန် ပဉ္စမ ရေယာဉ်စု၏ ဝန်ဆောင်မှုစင်တာကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဘာရိန်း အမျိုးသားဆက်သွယ်ရေး စင်တာက ပြောသည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ


