မက္ကဆီကိုစီးတီး ၂၂ ဧပြီ

 

ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် အမေရိကန်နယ်စပ်တွင် ကင်းလှည့်နေသော ပြည်သူ့စစ် အဖွဲ့ဝင်များ၏  ကြမ်းတမ်းသည့်  အပြုအမူများကြောင့်  လွန်စွာစိုးရိမ်ပူပန်မိကြောင်း  မက္ကဆီကို  နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

နယူးမက္ကဆီကိုပြည်နယ်တွင်  ကင်းလှည့်နေသည့် တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်သည့် နည်းဗျူဟာ များကြောင့်၊  ခိုလှုံသူသို့မဟုတ် ဒုက္ခသည်အဖြစ်တောင်းခံရန် ရောက်ရှိလာသည့်ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးကို စိုးရိမ်မိကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ နယူး မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့်ပြည်သူ့စစ်အုပ်စုများကြောင့် ခြိမ်းခြောက်ခံရမှု၊ ငွေညှစ်ခံရမှုတို့ကို စိုးရိမ်နေရကြောင်း မက္ကဆီကိုအစိုးရက ပြောသည်။

 

နယူးမက္ကဆီကိုနှင့် ဆန်းလန်းပါ့ခ်အနီး အမေရိကန်သို့ ဝင်ရောက်ရန်    ကြိုးပမ်းကြသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃၀ဝ ခန့်ကို ပြည်သူ့စစ်အုပ်စုက ထိန်းသိမ်းထားကြောင်း အမေရိကန်မီဒီယာများက ဧပြီ ၁၉ ရက်တွင် ဖော်ပြခဲ့ကြသည်။ မျိုးချစ်တပ်ဖွဲ့စုဟု အမည်ပေးထားသည့် ပြည်သူ့စစ်အုပ်စုသည်  တူညီဝတ်စုံဝတ်ဆင်ကာ   လက်နက်များကိုင်ဆောင်ပြီး  တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖြတ်သန်းရာလမ်းကြောင်းတွင် ကင်းလှည့်လျက်ရှိသည်။

 

အဆိုပါအုပ်စုသည် ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် စေတနာ့ဝန်ထမ်းများကို စုဆောင်းနေပြီး တရားဝင်အသိအမှတ်ပြုထားသော ကင်းလှည့်အေဂျင်စီနှင့် ပူးပေါင်းထားသည်ဟု ဟန်ဆောင်ထားသည်။ သို့သော် နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူး မီရှယ်လီ လူဂျန်ဂရစ်ရှမန်က သာမန်နိုင်ငံသားတစ်ဦး အနေဖြင့် မည်သူမည်ဝါကိုမျှဖမ်းဆီးရန် အခွင့်အာဏာမရှိဟု ပြောကြားခဲ့သည်။ မက္ကဆီကိုဘက်မှမူ  အရပ်သားများကိုကင်းလှည့်ရန်  အခွင့်အာဏာပေးထားခြင်းမှာ  ပြည်နယ်အစိုးရ၏မူဘောင်နှင့် ကျော်လွန်နေပြီး ရွှေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးကို ချိုးဖောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ဆင်ဟွာ