(၂-၈-၂၀၂၀ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါ သည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ အမေရိကန်ပြည်ထောင်စုတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၇၀)ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများ(၃၀)ဦး၊ စုစုပေါင်း မြန်မာ နိုင်ငံသား(၁၀၀)ဦးတို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲလျက် အထူးအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ဝါရှင်တန်မြို့နှင့်ဆိုးလ်မြို့တို့ရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့သည် ယနေ့၊ ည(၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားလျက်ရှိပြီး ပညာသင်ကာလပြီးဆုံးသည့် မြန်မာပညာသင်ကျောင်းသား/သူ စုစုပေါင်း (၃၆)ဦးအားလည်း မြန်မာသံရုံး၊ ပေကျင်းမြို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ပေကျင်း-ရန်ကုန်ခရီးစဉ်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည့် Air China Cargo/Relief Fight ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့၊ ည(၀၇:၁၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍လည်း ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရေးအတွက် ပုံမှန်အပတ်စဉ် အင်ချွန်း-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် (၁၆)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်အား ၄-၈-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံမှတစ်ဆင့် ချိတ်ဆက်ခေါ်ဆောင်နိုင်ရေးအတွက် ဒုတိအကြိမ်မြောက် အထူးအစီအစဉ်အဖြစ် ဆောင်ရွက်သွားမည့် အင်ချွန်း-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်အား ၁၂-၈-၂၀၂၀ ရက်နေ့တွင်လည်းကောင်း ပျံသန်းပြေးဆွဲသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Crd>Ministry of Foreign Affairs Myanmar
photo-ဇော်ကြီး(သတင်းစဉ်)