ဝါရှင်တန်၊ ၁၆ ဒီဇင်ဘာ
အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အထိ ကလေးငယ် ၁၆၄၀၀၀၀ နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန် ကလေးအထူးကုဆေးသိပ္ပံကျောင်းနှင့် ကလေးများဆေးရုံအသင်းမှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
အမေရိကန်ပြည်ထောင်စု၌ ဒီဇင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကလေးငယ်ပေါင်း ၁၇၈၈၂၃ ဦးထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် အပတ်စဉ် ရောဂါကူးစက်မှုနှုန်း အများဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။
ထို့အတူ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ သီတင်းပတ်နှစ်ပတ်ခန့်အတွင်း အမေရိကန်ရှိ ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ ၂၃ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ လက်ရှိအချိန်၌ အမေရိကန်ရှိ ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါ စုစုပေါင်းကူးစက်မှုနှုန်းမှာ ကလေး ၁၀၀၀၀၀ လျှင် ၂၁၇၉ ရာခိုင်နှုန်းခန့်ရှိသည်။
အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတင်ခြင်းခံရသော ကလေးဦးရေမှာ အမေရိကန်တစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတင်ခြင်းခံရသူအားလုံး၏ ၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၉ ရာခိုင်နှုန်းခန့်အကြားရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးများ သေဆုံးမှုနှုန်းမှာ အမေရိကန်တစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုအားလုံး၏ ၀ ဒသမ ၂၁ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်များအကြား ရောဂါပြင်းထန်သူ ရှားပါးဖွယ်ရှိသော်လည်း ကလေးများ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ရောဂါ၏ ကြာကြာသက်ရောက်မှုနှင့် ပတ်သက်၍ မှတ်တမ်းပြုစုပြီး စောင့်ကြည့်နိုင်ရန်အတွက် အရေးပေါ်လိုအပ်နေကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
အမေရိကန်ပြည်ထောင်စုသည် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအစီအစဉ်ကို ဒီဇင်ဘာ ၁၄ ရက်မှစ၍ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆ ဒသမ ၇ သန်းကျော်ရှိပြီး ယင်းတို့အနက်လူနာ ၃၀၃၀၀၀ သည် အဆိုပါ ရောဂါနှင့် ဆက်စပ်သည့် ရောဂါများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ