၁၀ အောက်တိုဘာ
ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာ့ဒ်ပြည်သူ့စစ်တွေကို ထိုးစစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တူရကီက အောက်တိုဘာ ၈ ရက်တွင် ပြောလိုက်ပါတယ်။ သို့သော်လည်းပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဲဒီလို လုပ်ခွင့်ပြုမယ်ဆိုတာ မသေချာ ပါဘူး။
ခြိမ်းခြောက်ပြောကြား
သို့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဝိုင်ပီဂျီ)ကို ထိုးစစ်ဆင်မယ်ဆိုတဲ့ကိစ္စဟာ ကျိန်းသေလုနီးနီး ဖြစ်နေပါပြီ။ တူရကီကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုးစစ်ဆင်ဖို့ ကိစ္စဟာ အားလုံးအဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန်တို့ စစ်ရေးဆိုင်ရာကိစ္စရပ်များ အထူးသဖြင့် တူရကီစစ်ဆင်ရေးအတွက် အဲဒီဒေသမှာ နေရာယူထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာပေးရေး ဖုန်းနဲ့ပြောဆိုဆွေးနွေးပြီးသွားတဲ့နောက်ပိုင်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က အောက်တိုဘာ ၆ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလို ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက်မှာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာဖြစ်နေတဲ့ တင်းမာမှုတွေဟာ ပိုလို့တောင် မြင့်တက်လာခဲ့ပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်လုပ်ဆောင်မယ်ဆိုပါက တူရကီနိုင်ငံရဲ့ စီးပွားရေးကို လုံး၀ဖျက်ဆီး လိုက်မယ်ဆိုပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၇ ရက်တွင် ခြိမ်းခြောက်ပြောကြားလိုက်ပါသေးတယ်။
ကုန်သွယ်ဖက်နိုင်ငံ
မိမိတို့ ဆီးရီးယားက ဆုတ်ခွာပေးမှာဖြစ်သော်လည်း ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကိုတော့ လုံး၀လက်လွှတ်မှာ မဟုတ်ကြောင်းနဲ့ သူတို့ဟာ အံ့ဩစရာကောင်းလောက်အောင် တိုက်ခိုက်ရေးသမားကောင်းတွေဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၈ ရက်တွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တွစ်တာမှာ ပြောကြားလိုက်ပါတယ်။ သူတို့ကို ငွေကြေးနဲ့ လက်နက်တွေကိုလည်း ထောက်ပံ့ပေးတဲ့နေရာမှာ ကူညီသွားမယ်လို့တောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ထို့အတူ တူရကီနိုင်ငံဟာလည်း အမေရိကန်ရဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆက်လက်ပြီး ပြောကြားလိုက်ပြီး တူရကီသမ္မတ အာဒိုဂန်ကို အောက်တိုဘာ ၁၃ ရက်မှာ အမေရိကန်ကိုလာရောက်ဖို့လည်း ဖိတ်ခေါ်လိုက်ပါသေးတယ်။
ဒီအခြေအနေကိုကြည့်ရင် အမေရိကန်ဟာ တစ်ဖက်ကလည်း ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကို ကာကွယ်ပေးနေသလို တခြားတစ်ဖက်မှာလည်း တူရကီကိုလည်း လက်လွှတ်မခံ တဲ့သဘောတွေ့ရပါတယ်။ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေဟာ လည်း အမေရိကန်အတွက် အားကိုးအားထားပြုရာဖြစ်သလို တူရကီကလည်း အမေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ ကုန်သွယ်ဖက် မိတ်ဖက်နိုင်ငံတစ်နိုင်ငံလို့ ဆိုရမလိုဖြစ်နေပါတယ်။
ပို့ထားပြီးပြီ
တူရကီနေ့စဉ်သတင်းစာ ဟားရီးယက်မှာ ဖော်ပြထားတာ ကတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ တူရကီရဲ့ စစ်ဆင် ရေးစတင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ တူရကီတပ်ဖွဲ့ဝင် တွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ လုံး၀ဆုတ်ခွာသွားတဲ့ အချိန်အထိ စောင့်နေတာပါလို့ ဖော်ပြထားပါတယ်။ တူရကီရဲ့ စစ်ဆင်ရေးရည်မှန်းချက်မှာ ပိုင်နက်ကမ်းမြောင်နယ်မြေ ကီလိုမီတာ ၁၂၀ ရှိတဲ့ အလျားပမာဏကနေ တယ်လ်အဘယက်မှ ရက်စ်အယ်လ်အိန်အထိ အနံပမာဏ ၃၀ ကီလိုမီတာအထိ ပထမဆုံးအနေနဲ့ တိုက်ခိုက်သိမ်းပိုက်သွားဖို့ ရှိနေတယ်လို့ ဟားရီးယက်နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ညနေပိုင်းမှာ တူရကီတပ်ဖွဲ့ဝင်တွေဟာ တင့်ကားတွေအပါအဝင် တခြားစစ်အသုံးအဆောင်ပစ္စည်းများကို ဆီးရီးယားနယ်စပ်မှာ ပို့ထားပြီးပါပြီ။
တကယ့်ရူးသွပ်မှုကြီး
တူရကီနိုင်ငံတော်အဆင့် အကြီးတန်းအရာရှိတစ်ဦးက ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဝေဟင်ကို ထိန်းချုပ်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ တူရကီလေကြောင်းပိုင်နက်နဲ့ နီးကပ်လာပြီလို့ ပြောပါတယ်။ အနာဂတ်မှာ ဒီထက်ပိုမဆိုးစေ ချင်ဘူးလို့လည်း ဆိုပါတယ်။ အန်ကာရာဟာ လုံခြုံရေးနယ်မြေ တစ်ခုကို ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ လုံခြုံရေးနယ်မြေ ဟာ ယူဖရိတ်စ်မှ အီရတ်နယ်စပ်အထိ ၃၀ ကီလိုမီတာ ဝန်းကျင် အနံနဲ့ အလျား ၄၈၀ ကီလိုမီတာလောက်အထိရှိမှာဖြစ်ပါတယ်။
ဒီနေရာမှာ ဆီးရီးယား ဒုက္ခသည် ၃ ဒသမ ၆ သန်းကို လက်ခံသွားဖို့ အန်ကာရာအနေနဲ့ ရည်ရွယ်ထားပါတယ်။ ပြီးတော့လည်း ဆီးရီးယားအရေးလုံး၀သက်ဝင်လှုပ်ရှားစေသူတွေဖြစ်တဲ့ ဝိုင်ပီ ဂျီတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားပိုင် တူရကီနယ်စပ် ပိုင်နက်နယ်မြေကန့်သတ်မှုကိုလည်း လုပ်ချင်တဲ့သဘောကြောင့် လည်း အခုလို လုံခြုံရေးနယ်မြေတစ်ခုကို အန်ကာရာတို့ ဖန်တီး ချင်တယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။
ဒီကိစ္စဟာ ကျွန်တော်ကြားဖူးသမျှထဲမှာ တကယ့်ရူးသွပ် မှုကြီးတစ်ခုပဲလို့ ဒုက္ခသည်လက်ခံရေး တူရကီလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးဆိုင်ရာ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
မသေချာ
အကယ်၍ အနောက်နိုင်ငံတွေက ဝိုင်ပီဂျီရဲ့ကဏ္ဍကို ဆီးရီးယားမှာ ဂုဏ်ယူပြောကြားနေတယ်ဆိုရင် တူရကီကတော့ သူတို့ကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်မှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ပြောက်ကျားဦးဆောင်တပ်ဖွဲ့ ပီကေကေနဲ့ အဆက်အသွယ်ရှိနေလို့ပဲဖြစ်ပါတယ်။
ဩဂုတ်လမှာ အမေရိကန်ပြည်ထောင်စုဟာ လုံခြုံရေး နယ်မြေတည်ဆောက်မယ်ဆိုပြီး ဝိုင်ပီဂျီတပ်ဖွဲ့ကို ထိုးစစ်ဆင်တဲ့ တူရကီရဲ့ စစ်ဆင်ရေးကို တားဆီးခဲ့ပါတယ်။ ဒါပေမယ့် တူရကီ ကတော့ အပစ်အခတ်ရပ်စဲမှုတွေ မလုပ်ဆောင်ခဲ့ပါဘူး။ အခုတော့ တူရကီကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ရီပတ်ဘလစ်ကန်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားပါတော့တယ်။ အမေရိကန်အရာရှိတွေကတော့ အန်ကာရာမှာ ပြုလုပ်နေတဲ့ ဘယ်လိုစစ်ဆင်ရေးမဆို လက်ပိုက်ကြည့်နေ မလားဆိုတာကတော့ မသေချာသေးပါဘူး။
လက်ခံသွားမည်မဟုတ်
အဲဒီလို တူရကီနဲ့ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ကာ့ဒ်တို့ရဲ့ အခြေအနေရှုပ်ထွေးမှုဟာ ကျန်တဲ့နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ စိုးရိမ်ပူပန်မှုတွေတိုးစေတယ်လို့ ကုလသမဂ္ဂက အောက်တိုဘာ ၇ ရက်တွင် ပြောပါတယ်။ ပြီးတော့လည်း ဆီးရီးယားမှာ ဖြစ်လာနိုင်တဲ့ အဆိုးဆုံး လူသားချင်းစာနာ နားလည်မှုဆိုင်ရာ ဘေးဒုက္ခအခြေအနေတွေအတွက် ပြင်ဆင်ထားရမယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ၂၀၁၁ခုနှစ်ကနေပြီး အခုအချိန်အထိ လူပေါင်းသန်းချီ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးနေရသလို လူပေါင်း ၃၇၀၀၀၀ တို့ရဲ့ အသက်တွေလည်း ပေးဆပ်ခဲ့ရပါတယ်။
တူရကီရဲ့ စစ်ရေးဆိုင်ရာ ကျူးကျော်မှုတွေအတွက် အလွန် အမင်းစိုးရိမ်ပူပန်ရတယ်လို့ ဗြိတိန်က ပြောပါတယ်။ တစ်ဆက် တည်းမှာပဲ တစ်ဖက်သတ်ဆောင်ရွက်ချက်တွေဟာ အဲဒီဒေသကို မတည်မငြိမ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
ဒီနေရာမှာ အမေရိကန်ကို ယုံကြည်မှုချိုးဖောက်သူအဖြစ် ဗြိတိန်က စွပ်စွဲထားပြီး တူရကီရဲ့ ထိုးစစ်ဟာ အိုင်အက်စ် အကြမ်းဖက်သမားတွေကို နောက်တစ်ကြိမ်ပြန်လည်ပေါက် ဖွားလာစေနိုင်တယ်လို့ ဗြိတိန်က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဆီးရီးယားအစိုးရက ကာ့ဒ်တိုက်ခိုက် ရေးသမားတွေကို လက်နက်ချဖို့နဲ့ ဆီးရီးယားရဲ့ ပိုင်နက် နယ်မြေတွေအားလုံးကို မိမိတို့အစိုးရတပ်တွေအနေနဲ့ ကာကွယ်နိုင်တယ်လို့လည်း ပြောလိုက်ပြီး ဘယ်နိုင်ငံတကာရဲ့ ဝင်ရောက်နှောင့်ယှက်မှုကိုမဆို လက်ခံသွားမှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။ ။
ထွန်းသစ်စ
ကိုးကား-အေအက်ဖ်ပီ