ဝါရှင်တန်    အောက်တိုဘာ    ၂၄

အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း ကင်မလာဟားရစ်၏ မဲဆွယ်စည်းရုံးရေးတွင် ဗြိတိန်၏ အာဏာရ လေဘာပါတီမှ ပါတီဝင်များ ပါဝင်ကူညီလျက်ရှိကြောင်း အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတလောင်း  ဒေါ်နယ်ထရမ့်က စွပ်စွဲပြောကြားသည်။

ဗြိတိန်လေဘာပါတီ၏ လုပ်ငန်းဆောင်ရွက်မှုအကြီးအကဲက ၎င်း၏ပါတီဝင်များကို  ကင်မလာ ဟားရစ်၏  မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ကူညီရန် တောင်းဆိုခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းမှုအတွက် ထိုက်တန်သည့်ဆုလဒ်များကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့ သည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဗြိတိန်အာဏာရ လေဘာပါတီသည် ဟားရစ်ကို ထောက်ခံလျက်ရှိကာ မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုများတွင် ပါဝင်ပတ်သက်ခြင်းသည်  တရားမဝင်နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သဖြင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား စုံစမ်းစစ်ဆေးရန် သမ္မတဟောင်း ထရမ့်က တောင်းဆို ခဲ့သည်။

တစ်ဖက်ကလည်း အလုပ်သမားပါတီ၏ ဒုတိယအကြီးအကဲ အန်ဂျီလာရေနာက ၎င်း၏ ပါတီဝင် များသည် ၎င်းတို့၏ကိုယ်ပိုင်အချိန်တွင် ကိုယ်ပိုင်ငွေကြေးများ အသုံးပြုကာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန်နှင့် ဗြိတိန်တို့သည် အနီးကပ် မဟာမိတ်နိုင်ငံများဖြစ်သည်။ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရပါက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုတို့အပေါ် သက်ရောက်နိုင်သည့် နောက်ဆက်တွဲအကျိုးဆက်များကို ထောက်ပြကာ လေဘာပါတီဝင်များ အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်နေခြင်းအပေါ် ဗြိတိန် အတိုက်အခံအဖွဲ့ဝင်များက ပြစ်တင်ဝေဖန်လျက်ရှိသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်