ဝါရှင်တန် ၇ မေ
အမေရိကန် ပြည်ထောင်စုသည် လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် ဗုံးကြဲ လေယာဉ်များကို အရှေ့အလယ်ပိုင်းဒေသ ဆီသို့ စေလွှတ်ကာ အီရန်ကို သတိပေးခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ပြောကြားခဲ့သည်။
တင်းမာမှုများ ပေါက်ဖွားလာစေသည့် ဖော်ပြချက်များနှင့် သတိပေးချက်များကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုသည် ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနှင့် ဗုံးကြဲလေယာဉ်များကို အမေရိကန်စစ်ရေး ညွှန်ကြားမှုဒေသဆီသို့ ချထားရန် လုပ်ဆောင်နေကြောင်း ဂျွန်ဘော်လ်တန်က ဖော်ပြခဲ့သည်။
ယင်းသို့ချထားမှုမှာ အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွား သို့မဟုတ် အမေရိကန် မဟာမိတ်နိုင်ငံများ၏ အကျိုးစီးပွား ထိခိုက်စေမည့် တိုက်ခိုက်မှုတစ်စုံတစ်ရာ လုပ်ဆောင်လာပါက နောင်တရသွားစေမည့် တိုက်ခိုက်ရေးအုပ်စုနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း အီရန်သို့ အတိအလင်းအသိပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အမေရိကန်သည် အီရန်နိုင်ငံနှင့် စစ်ဖြစ်ပွားရန် ကြိုးပမ်းနေခြင်းမရှိကြောင်း၊ သို့သော်လည်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဖြစ်စေ၊ သာမန်အီရန်တပ်ဖွဲ့ကဖြစ်စေ လုပ်ဆောင်လာနိုင်သည့် မည်သည့်တိုက်ခိုက်မှုကိုမဆို တုံ့ပြန်သွားရန် အပြည့်အဝပြင်ဆင် လျက်ရှိကြောင်း ဂျွန်ဘော်လ်တန်က ပြောကြားသည်။
သို့သော်လည်း အမေရိကန်မှ စေလွှတ်လိုက်သည့် ရေတပ်တိုက်ခိုက် ရေးအုပ်စုများကို အဘယ့်ကြောင့် ယခုအချိန်တွင် ချထားရန် လုပ်ဆောင်ရကြောင်းနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်းမရှိခဲ့ပေ။
သို့သော်လည်း ယင်းသို့စေလွှတ်မှုသည် ဂါဇာအခြေစိုက် ပါလက်စတိုင်း စစ်သွေးကြွများနှင့် အစ္စရေးတို့အကြား မကြာသေးမီရက်များအတွင်း ပေါ်ပေါက်လာသည့် တင်းမာမှုအခြေအနေများအတွင်း ပေါ်ထွက်လာခဲ့သည်။
အေအက်ဖ်ပီ